ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေး ရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရုရှားနိုင်ငံနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ရာ-
- နိုဝင်ဘာလ ၁၅ ရက်တွင် Obninsk တက္ကသိုလ်နှင့် Rosatom Technical Academy သို့သွားရောက်ကာ နိုင်ငံပေါင်း ၆၈ နိုင်ငံတို့မှ လာရောက်၍ ပညာတော်သင် ကျောင်းသူ/ကျောင်းသားများအား စာတွေ့လက်တွေ့လေ့ကျင့် သင်ကြားပေးနေမှု ဆိုင်ရာများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ဓာတ်ခွဲစမ်းသပ်ခန်းများနှင့် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပုံအဆင့်ဆင့်အား 3D နည်းပညာဖြင့် ရှင်းလင်းပြသမှုများကို လိုက်လံကြည့်ရှုလေ့လာခဲ့ကြပြီး ကာလုကာခရိုင်ရှိ ကမ္ဘာ့ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ Obninsk Nuclear Power Plant အား သွားရောက်ကြည်ရှုလေ့လာခဲ့။
- နိုဝင်ဘာလ ၁၆ ရက်တွင် RENERA ကုမ္ပဏီ၏ Directorof Business Development ဖြစ်သူ Natalia G. Leonteva နှင့် သွားရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်ပိုင်းဆိုင်ရာများနှင့် စက်မှုလုပ်ငန်းများတွင် လာရောက်ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံနိုင်မှုဆိုင်ရာကိစ္စရပ်များအပါအဝင် အခြားကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးခဲ့။
- နိုဝင်ဘာလ ၁၇ ရက်တွင် St. Petersburg ရှိ Nuclear Technology Information Center သို့ သွားရောက်လေ့လာခဲ့ကြပြီး နှစ်နိုင်ငံပူးပေါင်းဆောင်နိုင်မည့် ကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် တာဝန်ရှိသူများလိုက်ပါ၍-
- နိုဝင်ဘာလ ၁၇ ရက်တွင် Power Machines ကုမ္ပဏီ၏ Leningrad Metal Machine စက်ရုံသို့သွားရောက်လေ့လာခဲ့ပြီး ရေအရင်းအမြစ်ကြွယ်ဝသည့် မြန်မာနိုင်ငံအတွင်း အလားအလာကောင်းများရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများတွင် ပူးပေါင်း ဆောင်ရွက်သွားနိုင်မည်ဖြစ်။
- နိုဝင်ဘာလ ၁၉ ရက်တွင် Rosatom ကုမ္ပဏီမှဆောင်ရွက်ထားသော Barsuchkovskaya အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် Kochubeevskaya WPP လေအားလျှပ်စစ်စက်ရုံများသို့ သွားရောက်လေ့လာခဲ့ပြီး ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများလိုက်ပါ၍-
- နိုဝင်ဘာလ ၁၇ ရက်တွင် Konstantinovsky Palace သို့သွားရောက်၍ နန်းတော်အတွင်းရှိ ပြခန်းများအား ကြည်ရှုလေ့လာခဲ့။
- နိုဝင်ဘာလ ၁၈ ရက်တွင် St. Petersburg ရှိ Nuclear Technology Information Center သို့ သွားရောက်လေ့လာခဲ့ကြကာ ရန်ကုန်မြို့၌ Nuclear Technology Information Center တည်ထောင်ဖွင့်လှစ်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဆက်လက်၍ Peter the Great St. Petersburg Polytechnic University သို့လည်း သွားရောက်လေ့လာခဲ့ကြပါသည်။
Barsuchkovskaya အသေးစား ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် Kochubeevskaya WPP လေအားလျှပ်စစ်စက်ရုံများအား ဆောင်ရွက်လျက်ရှိသော Rosatom ကုမ္ပဏီသည် ရေအရင်းအမြစ်ပေါကြွယ်ဝသော မြန်မာနိုင်ငံတွင် လာရောက်ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အထူးစိတ်ဝင်စားလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၁၁-၂၀၂၂)
|
Add new comment