နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Vitaly Saveliev ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သော (၁၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဖိုရမ်နှင့် Transport Week 2022 ပြပွဲနှင့် အပြည်ပြည်ဆိုင်ရာပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှု စုံညီဆွေးနွေးပွဲ (International Transport Cooperation in 2022) သို့ တက်ရောက်ခဲ့ကြပါသည်။
နှစ်နိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာနများအကြား တွေ့ဆုံမှုအစီအစဉ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဘက်က-
- မြန်မာနိုင်ငံဘက်က ရန်ကုန်မြို့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ မြို့ကြီး(၃)မြို့တို့အကြား လေယာဉ်ခရီးစဉ်များ ပြေးဆွဲရေးကို အထောက်အကူပြုနိုင်ရန်အတွက် နှစ်နိုင်ငံမြို့ပြလေ ကြောင်းအာဏာပိုင်များအကြား သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း။
- မြန်မာနိုင်ငံ၏ လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Myanmar Airways International (MAI) ကလည်း နှစ်နိုင်ငံအကြား ခရီးစဉ်များကို ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် စတင်ပြေးဆွဲရန် အဆိုပြုလွှာတင်ပြထားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ ရထားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းရေးကိစ္စရပ် များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း။
ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးရာတွင်-
- မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ဒေသတွင်း အချက်အခြာကျသည့်နေရာတွင် တည်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ခွင့်ပြုပေးနိုင်သည့်လုပ်ငန်း/ နယ်ပယ်အများ အပြားရှိကြောင်း။
- အပြည်ပြည်ဆိုင်ရာရထားလမ်းကွန်ရက်အောက်တွင် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများနှင့် မီးရထားလမ်းပိုင်းများ ချိတ်ဆက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း။
- ကားလမ်းကွန်ရက်ဆက်သွယ်မှုအတွက် အာရှလမ်းမကြီး၊ အာဆီယံလမ်းမကြီး၊ အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံလမ်းမကြီးတို့ကို ဖော်ဆောင်လျက်ရှိကြောင်း။
- တစ်ဆက်တည်းတွင် အာဆီယံ၊ ဘင်းမ်စတက်နှင့် ဂျီအမ်အက်စ်အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်စည်နှင့် ခရီးသည်များ နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်း။
- သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များအား နှစ်နိုင်ငံအကြား လွယ်ကူချောမွေ့စေရေးနှင့် တစ်ပြေးညီဖြစ်စေရေး၊ ဘက်စုံပို့ဆောင်မှု မြှင့်တင်အကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
- အာဆီယံနှင့် ရုရှားဆက်သွယ်နိုင်ရေးအတွက် မြောက်-တောင်အပြည်ပြည်ဆိုင်ရာပို့ဆောင်ရေးစင်္ကြန် (North-South Transport Corridor) ဖော်ဆောင်ရန် လိုအပ်ကြောင်း။
- စွမ်းရည်ရှိသော ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်က ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံမှုကို ပေးစွမ်းနိုင်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
Transport Week သို့ နိုင်ငံပေါင်း (၃၆) နိုင်ငံမှ ကိုယ်စားလှယ် (၁၆၀)ဦးခန့်နှင့် ရုရှားနိုင်ငံမှ တာဝန်ရှိသူများ ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်း/အဖွဲ့အစည်းများနှင့် လေ့လာသူများ စုစုပေါင်း(၁,၄၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး၊ ရုရှား-မြန်မာနှစ်နိုင်ငံအကြား လေကြောင်းဆက်သွယ်မှုအပါအဝင် ကုန်းလမ်း၊ ရေကြောင်း၊ လေကြောင်းကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁၁-၂၀၂၂)
- အပြည်ပြည်ဆိုင်ရာပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု စုံညီဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာရထားလမ်းကွန်ရက်အောက်တွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း နိုင်ငံများနှင့် မီးရထားလမ်းပိုင်းများ ချိတ်ဆက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကားလမ်းကွန်ရက်ဆက်သွယ်မှုအတွက် အာရှလမ်းမကြီး၊ အာဆီယံလမ်းမကြီး၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံလမ်းမကြီးတို့ကို ဖော်ဆောင်လျက်ရှိကြောင်းနှင့် အာဆီယံနှင့် ရုရှားဆက်သွယ်နိုင်ရေးအတွက် မြောက်-တောင်အပြည်ပြည်ဆိုင်ရာပို့ဆောင်ရေးစင်္ကြန် (North-South Transport Corridor) ဖော်ဆောင်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့။
Add new comment