ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ နိုဝင်ဘာလ ၁၅ ရက်တွင် မော်စကိုမြို့ရှိ Obninsk တက္ကသိုလ်၊ Rosatom Technical Academy နှင့် ကမ္ဘာ့ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ Obninsk Nuclear Power Plant များသို့လည်းကောင်း၊ နိုဝင်ဘာလ ၁၆ ရက်တွင် မော်စကိုမြို့ရှိ Rosatom လက်အောက်ရှိ (Electric Vehicles and Energy Storage Systems) Battery ထုတ်လုပ်သည့် RENERA ကုမ္ပဏီသို့လည်းကောင်း သွားရောက်လေ့လာခဲ့ကြပါသည်။
နိုဝင်ဘာလ ၁၅ ရက်တွင် ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Obninsk တက္ကသိုလ်နှင့် Rosatom Technical Academy သို့သွားရောက်ကာ နိုင်ငံပေါင်း ၆၈ နိုင်ငံတို့မှ လာရောက်၍ ပညာတော်သင်ကျောင်းသူ/ ကျောင်းသားများ အား စာတွေ့လက်တွေ့လေ့ကျင့်သင်ကြားပေးနေမှုဆိုင်ရာများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ဓာတ်ခွဲစမ်းသပ်ခန်းများနှင့် နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပုံအဆင့်ဆင့်အား 3D နည်းပညာ ဖြင့် ရှင်းလင်းပြသမှုများကို လိုက်လံကြည့်ရှုလေ့လာခဲ့ကြပြီး ကာလုကာခရိုင်ရှိ ကမ္ဘာ့ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ Obninsk Nuclear Power Plant အား သွားရောက်ကြည်ရှုလေ့လာခဲ့ကြပါသည်။
နိုဝင်ဘာလ ၁၆ ရက်တွင် ပြည်ထောင်စုဝန်ကြီးများသည် RENERA ကုမ္ပဏီ၏ Directorof Business Development ဖြစ်သူ Natalia G. Leonteva နှင့် သွားရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်ပိုင်းဆိုင်ရာ များနှင့် စက်မှုလုပ်ငန်းများတွင် လာရောက်ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံနိုင်မှုဆိုင်ရာကိစ္စရပ်များအပါအဝင် အခြားကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၁၁-၂၀၂၂)
|
Add new comment