ပန်းခင်းစီမံချက်ကို လုပ်ငန်းကာလ ၁၈ လတာ သတ်မှတ်ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း “ဝ” အထူးဒေသမှလွဲ၍ ကျန်မြို့နယ်များတွင် လျာထားချက်ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါဒေသအာဏာပိုင်များနှင့် “ဝ” အထူးဒေသမှ တိုင်းရင်းသားအဖွဲ့များ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးမှုကြောင့် “ဝ” အထူးဒေသအတွင်း ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ကြမည်ဖြစ်ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က “ဝ” အထူးဒေသအတွင်း ကွင်းဆင်းဆောင်ရွက်မည့် ဝန်ထမ်းများကို နိုဝင်ဘာလ ၁၇ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ တွေ့ဆုံခဲ့ရာတွင် “ဝ” အထူးဒေသအတွင်း သွားရောက်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၏ ကိုယ်ရေးအချက်အလက်၊ မှတ်တမ်းမှတ်ရာများကို စနစ်တကျပြုစုထားရန်၊ သက်ဆိုင်ရာဒေသ တိုင်းရင်းသားအဖွဲ့အစည်းကိုယ်စားလှယ်များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင် ရွက်ကြရန်၊ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် စနစ်တကျစိစစ်ခွင့်ပြုဆောင်ရွက်ကြရန်နှင့် ဥပဒေအရ ဆက်လက်တင်ပြဆောင်ရွက်ရမည့်ကိစ္စရပ်များရှိပါကလည်း ကာယကံရှင်များကို အသေးစိတ် ရှင်းလင်းချပြ ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်တိုင်းမှူးက “ဝ” အထူးဒေသအတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရာတွင် ဒေသခံအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ မလိုလားအပ်သော အုပ်ချုပ်မှုကိစ္စများ မဖြစ်ပွားစေရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပါ သည်။
ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “ဝ” ဒေသ၊ ကိုးကန့်နှင့် ပလောင်ဒေသများအတွင်းရှိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပန်းခင်းစီမံချက်ဆောင်ရွက်ပေးမှုနှင့် ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များ၊ ရွေးကောက်ပွဲမဲစာရင်းမှန်ကန်ရေးအတွက် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လဝကတို့ ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမည့် အစီ အစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
သတင်းရင်းမြစ်။ (မြန်မာ့အလင်းသတင်းစာ ၁၈-၁၁-၂၀၂၂)
- ပန်းခင်းစီမံချက်ကို လုပ်ငန်းကာလ ၁၈ လတာ သတ်မှတ်ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း “ဝ” အထူးဒေသမှလွဲ၍ ကျန်မြို့နယ်များတွင် လျာထားချက်ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့။
- ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်မည့် ဝန်ထမ်းများကို တွေ့ဆုံ၍ “ဝ” အထူးဒေသအတွင်း သွားရောက်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၏ ကိုယ်ရေးအချက်အလက်မှတ်တမ်းမှတ်ရာ များကို စနစ်တကျ ပြုစုထားရန်နှင့် သက်ဆိုင်ရာဒေသ တိုင်းရင်းသားအဖွဲ့အစည်းကိုယ်စားလှယ်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့။
- အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်တိုင်းမှူးက “ဝ” အထူးဒေသအတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရာတွင် ဒေသခံအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ မလိုလားအပ်သောအုပ်ချုပ်မှုကိစ္စများ မဖြစ်ပွားစေရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့။
Add new comment