မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၌ PDF အကြမ်းဖက်သမားများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

       နိုဝင်ဘာလ ၁၄ ရက် နံနက် ၅ နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် သတင်းအရ မသင်္ကာဖွယ်အမျိုးသား ၂ ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တစ်စီးအား တားဆီးရပ်တန့်စေခဲ့ရာ ရပ်တန့်ခြင်းမရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဉာဏ်ထက်ကို (၂၁) နှစ်နှင့် စည်သူဖြိုး (၂၂) နှစ်တို့အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ PDF အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သည့် စာရွက်စာတမ်းများ၊ ၎င်းတို့ကိုင်ဆောင်သည့် ဖုန်းများအတွင်းမှ PDF အကြမ်းဖက်သင်တန်း တက် ရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများအား တွေ့ရှိခဲ့ရပါသည်။

ဖမ်းဆီးရမိသူများအား ထပ်မံစစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့နှင့်ဆက်စပ်သည့် PDF အကြမ်းဖက်အဖွဲ့ဝင်များသည် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာ(၃)လမ်းရှိ အငှားတိုက်ခန်းတွင် ရောက်ရှိလျက်ရှိကြောင်း သိရှိရသည့် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရန် သွားရောက်ခဲ့ရာ အဆိုပါတိုက်ခန်း၏အရှေ့အရောက် PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် စတင်မဆင်မခြင်ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူအမျိုးသား ၂ ဦး လက်နက်ငယ် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် PDF အကြမ်းဖက်သမားများ ခိုအောင်းလျက်ရှိသည့် အဆောက်အအုံအား ဝိုင်းပတ်ပိတ်ဆို့ထားရှိပြီး ဇေယျာ(၃)လမ်းရှိ လူနေအိမ်များမှ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးအတွက် ဘေးလွတ်ကင်းသည့်နေရာသို့ ရွှေ့ပြောင်းမှုများ ဆောင်ရွက် ပေးခဲ့ပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် PDF အကြမ်းဖက်သမားများအား လက်နက်ချ အညံ့ခံရန်ပြောဆိုခဲ့ရာ လက်နက်ချခြင်းမရှိဘဲ လက်နက်ငယ်များ၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်၍ ဝင်ရောက်ဖမ်းဆီးခဲ့ရာ PDF အကြမ်းဖက်သမားများ ၆ ဦးအား တူကီယဲနိုင်ငံထုတ် Zoraki အမျိုးအစား ပစ္စတိုသေနတ် ၂ လက်၊ ချက်စ်နိုင်ငံထုတ် CZ အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၉ မမ ကျည် ၅၂ တောင့်၊ ပစ္စတိုကျည်အိမ် ၃ ခု၊ ယမ်းဗူး ၅ ဗူး၊ ဒေသန္တရလက်လုပ်မိုင်း ၉ လုံး၊ လက်ကိုင်ဖုန်း ၃ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့ပါသည်။

ဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် ဖမ်းဆီးရမိ PDF အကြမ်းဖက်သမား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၂ ဦးတို့အား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိသည်။ အဆိုပါဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့ပြည်သူ ၂ ဦးအနက် ဦးဟိန်းကိုဦး (၃၂)နှစ်သည် ဆေးကုသမှုခံယူနေစဉ်အတွင်း ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါသည်။

ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း သတင်းထုတ်ပြန်ထားရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၁၁-၂၀၂၂)

 

 
   
  • မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၌ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် ရောက်ရှိနေသည့် PDF အကြမ်းဖက်သမားများ၏ အငှားအဆောက်အအုံအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းပတ်ပိတ်ဆို့၍ ပစ်ခတ်ဖမ်းဆီးခဲ့ရာ PDF အကြမ်းဖက်သမား ၈ ဦးအား လက်နက်/ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့။
  • PDF အကြမ်းဖက်သမား၏ အဆင်မခြင်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး သေဆုံးခဲ့။

Add new comment