ဇန်နဝါရီလ ၃ ရက်တွင် မြိုင်မြို့နယ်၊ စိုကန်ကျေးရွာရှိ “စိုကန်” ဘုန်းကြီးကျောင်းဝင်း သိမ်ကျောင်းအတွင်း၌ ကျောင်း ထိုင်ဆရာတော် ဥူးဉာနိက သက်တော် (၄၄)နှစ် (၂၁)ဝါသည် ကျောင်းနေသံဃာ ၄ ပါး၊ အာဂန္တုဆရာတော် ၁ ပါး၊ စိုကန်ကျေးရွာနေ မောင်ထွေးလင်း (၂၇)နှစ်တို့နှင့်အတူရှိနေစဉ် မြိုင်- ကမ္မကားလမ်းအတိုင်း ဆိုင်ကယ်များမောင်းနှင်လာသည့် PDF အမည်ခံအကြမ်းဖက်သမား ၂၀ ဦးခန့်သည် သေနတ်များ ကိုယ်စီကိုင်ဆောင်ထားပြီး ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ဆဲဆိုအော်ဟစ်ဝင်ရောက်လာစဉ် ကျောင်းထိုင်ဆရာတော်သည် ကိုရင်ငယ်လေးများအား ခေါ်ဆောင်ကာ အကြမ်းဖက်သမားများ၏ ဘေးအန္တရာယ်မှလွတ်မြောက် နိုင်ရေးထွက်ပြေး တိမ်းရှောင်ခဲ့ပါသည်။
အကြမ်းဖက်သမားများသည် ကျောင်းဝင်းအတွင်း ဝင်ရောက်လာပြီး ကျောင်းတိုက်ဘေးတွင် ရပ်တန့်ထားသည့် ဘုန်းကြီးကျောင်းပိုင် MARK II မော်တော်ယာဉ်တစ်စီးအား သေနတ်များဖြင့်ပစ်ခတ်ပြီး လက်လုပ်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့သော်လည်း လက်လုပ်မိုင်း ၂ လုံးမှာ ပေါက်ကွဲခဲ့ခြင်း မရှိခဲ့သဖြင့် သိမ်ကျောင်းအတွင်း ထပ်မံဝင်ရောက်၍ အာဂန္တုဆရာတော်ထံမှ လက်ကိုင်ဖုန်း ၂ လုံးအား လုယက်ယူဆောင်ကာ မြိုင်-ကမ္မကားလမ်းအတိုင်း ဆိုင်ကယ်များဖြင့် ပြန်လည် ထွက်ခွာသွားခဲ့ပါသည်။
အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့မှုကြောင့် ဘုန်းကြီးကျောင်းပိုင် MARK II မော်တော်ယာဉ် ၏ ယာဘက်နောက်ဘီး အပေါ်ကိုယ်ထည်၌ ကျည် ၂ ချက်ထိမှန်ပျက်စီးခဲ့ပြီး ယာဉ်၏ဝဲဘက်အခြမ်း မြေကြီးပေါ်၌ မပေါက် ကွဲသေးသည့် လက်လုပ်မိုင်း ၂ လုံးအား တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖောက်ခွဲရှင်းလင်းခဲ့ပါသည်။
PDF အကြမ်းဖက်အဖွဲ့များက အေးချမ်းစွာနေထိုင်သည့်ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခြင်းများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် မြို့နယ်အချို့ရှိ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွတ်အမြတ် ထားရာ ဘုန်းတော်ကြီးကျောင်းများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ လုယက် ဖျက်ဆီးခြင်းများအား ဆက်တိုက်ပြုလုပ်လျက်ရှိပါသည်။ ၎င်းတို့လုပ်ရပ်များသည် မြန်မာပြည်သူလူထုအများစု ကိုးကွယ်ရာ ဘာသာ/သာသနာအား တိုက်ခိုက်သည့် ရိုင်းစိုင်း ယုတ်မာသောလုပ်ရပ်များဖြစ်၍ ပြည်သူများက ပြစ်တင်ရှုတ်ချလျက်ရှိသည့်အပြင် နိုင်ငံတကာအနေဖြင့်လည်း အကြမ်းဖက်လုပ်ရပ်များအား ဝိုင်းဝန်း ဆန့်ကျင်ကြရန် လိုလားလျက်ရှိပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သမားများ၏ အကြမ်းဖက်ရန်ပြုမည်ကို စိုးရွံ့၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ကျောင်းထိုင်ဆရာတော်နှင့် ကိုရင်(၃)ပါးတို့အား ပြန်လည်ရှာဖွေကာ အာဂန္တုဆရာတော်နှင့်အတူ လုံခြုံစိတ်ချရသည့် နေရာသို့ ပင့်ဆောင်သီတင်းသုံးစေလျက်ရှိပြီး ဘုန်းကြီးကျောင်း အတွင်းဝင်ရောက်ကာ ဖျက်ဆီးကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Add new comment