၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟိုအကျဉ်းထောင်ဝင်/ထွက်ပေါက်ဂိတ် မိုင်းဖောက်ခွဲခဲ့မှုကြောင့် အကျဉ်းထောင်ဝန်ထမ်း ၃ ဦးနှင့် ပါဆယ်ထုပ်လာရောက်ပေးပို့သူ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၈ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြပြီး အကျဉ်းထောင်ဝန်ထမ်း ၅ ဦး၊ အကျဉ်းသားများအတွက် ပါဆယ်ထုပ်လာရောက်ပေးပို့သူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၈ ဦးတို့တွင် မိုင်းစထိမှန် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဖောက်ခွဲမှုကျူးလွန်ခဲ့သူများအား အင်းစိန်မြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။
အဆိုပါဖြစ်စဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုကိုမလိုလားသည့် တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ အသွင်ယူသတင်းရယူလိုက်လံစုံစမ်းခဲ့ရာ အင်းစိန်ဗဟိုအကျဉ်းထောင်ကို ဖောက်ခွဲမှုကျူးလွန်စဉ် မှတ်တမ်းတင် VIDEO ရိုက်ကူးခဲ့ပြီး လူမှုကွန်ရက် Social Media ပေါ်တွင် ထုတ်လွှင့်ဖော်ပြခဲ့သူ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်နေ ချမ်းမြေ့သူ (ခ) ဂျူးဂျူး (ခ) JULU (၂၅)နှစ်အား အောက်တိုဘာလ ၂၅ ရက်တွင် စတင်ဖမ်းဆီးရမိခဲ့ပါသည်။
၎င်း၏ထွက်ဆိုချက်အရ ဖောက်ခွဲမှုအား ၎င်း၏ခင်ပွန်းဖြစ်သူ ကောင်းထက် (ခ) ဖိုးစီ (၂၅)နှစ်က ကျူးလွန်ခဲ့ကြောင်းသိရှိရသဖြင့် အဆိုပါတရားခံအား ဖောက်ခွဲမှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် 9MM ကျည်(၃၀) တောင့်၊ ဒီတိုနေတာ (၂)ချောင်း၊ A,B,C,D ခလုတ်များပါ Digital Remote Controller တစ်ခု၊ Vinric စာတန်းပါ ဓာတ်ခဲအသေးတစ်လုံး၊ Alkaline စာတန်းပါ ဓာတ်ခဲအသေးတစ်လုံး၊ ပေါက်ကွဲမှုအား Video ရိုက်ကူးရာတွင် အသုံးပြုသည့် ဖုန်းနံပါတ် 09-750048060 ၊ 09-950357050 Sim Card ၂ ကတ်ပါ Tecno Pova Neo အမျိုးအစား နက်ပြာရောင်ဖုန်းတစ်လုံး၊ Sim Card ၂ ကတ်ပါ Oppo A 5s အမျိုးအစား အနက်ရောင်ဖုန်းတစ်လုံးတို့နှင့်အတူ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိတရားခံ၏ ထွက်ဆိုချက်များအရ-
- ကောင်းထက် (ခ) ဖိုးစီသည် ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း Facebook လူမှုကွန်ရက်စာမျက်နှာ အသုံးပြု၍ “PDF Brother” Page မှသိခဲ့သည့် “စွန်ရဲ” အမည်ခံ အမျိုးသမီး(ဖမ်းဆီးရန်ကျန်)က Signal မှ ဆက်သွယ် ကာ ၎င်းအား “Special Task Agency Of Burma (STA) အထူးတာဝန် လုပ်ငန်းအဖွဲ့အမည်ခံ အကြမ်းဖက်အဖွဲ့၌ အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ကြောင်းနှင့် အကြမ်းဖက်မှုများလုပ်ဆောင်ရန် လစဉ်တစ်သိန်းကျပ် ထောက်ပံ့ခဲ့၍ ၎င်းအား အဆိုပါအဖွဲ့တွင် ပစ္စည်းထိန်းတာဝန်ပေးအပ်ခဲ့ကြောင်း။
- အဆိုပါအမျိုးသမီး (ဖမ်းဆီးရန်ကျန်)၏ ချိတ်ဆက်ပေးမှုဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ နှင့် ဩဂုတ်လများအတွင်း ၎င်းတို့အဖွဲ့ဝင်များအကြား အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်ခဲယမ်းများအား သယ် ဆောင်ခြင်း၊ ပို့ဆောင်ပေးခြင်းများ ပြုလုပ်ရကြောင်း။
- ၎င်း၏ဇနီး ချမ်းမြေ့သူ (ခ) ဂျူးဂျူးအား STA အဖွဲ့မှ “စွန်ရဲ” ဆိုသူ အမျိုးသမီးနှင့် ချိတ်ဆက်၍ အောက်တိုဘာလ ၁ ရက်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်စေခဲ့ပြီး အကြမ်းဖက်မှုလုပ်ရပ်များအား ပါဝင်လုပ်ကိုင်စေခဲ့ ကြောင်း။
- အောက်တိုဘာလ ၁၀ ရက်တွင် ၎င်းအား “စွန်ရဲ”အမည်ခံအမျိုးသမီးက Signal မှဆက်သွယ်ကာ အင်းစိန်ဗဟိုအကျဉ်းထောင်အား ဖောက်ခွဲတိုက်ခိုက်ရန်အတွက် ကျော်ဟိန်း (ဖမ်းဆီးရန်ကျန်)နှင့် ပူးပေါင်းဆောင် ရွက်ရမည်ဖြစ်ပြီး အကျဉ်းထောင်၏ ဝင်/ထွက်ပေါက်ရှိ လူဝင်/ထွက်စာရင်းမှတ်သည့်နေရာနှင့် ပစ္စည်းလက်ခံသည့်နေရာတို့ကို ကြီးကြပ်သည့် ဒုထောင်မှူးနှင့် ထောင်ဝန်ထမ်းများအား ပစ်မှတ်ထားတိုက်ခိုက်ရန် စေ ခိုင်းခဲ့ကြောင်း။
- အောက်တိုဘာလ ၁၅ ရက်တွင် အကျဉ်းထောင်၏ ဂိတ်ဝင်/ထွက်ပေါက်အား ဖောက်ခွဲမှုပြုလုပ်ရန်အတွက် လက်လုပ်မိုင်းများ နေရာချထားခြင်းအား ၎င်းနှင့် ကျော်ဟိန်း (ဖမ်းဆီးရန်ကျန်)တို့မှ ဆောင်ရွက်ရန်၊ နေရာ ချထားပြီးပါက ၎င်းမှ အဝေးထိန်း Remote ဖြင့် ဖောက်ခွဲရန်၊ ၎င်း၏ဇနီးမှ မှတ်တမ်းတင် VIDEO ရိုက်ကူးရန်နှင့် ၎င်းတို့ ဖောက်ခွဲတိုက်ခိုက်မှုအား “စွန်ရဲ” မှ အခြားသူများဖြင့် စောင့်ကြည့်ပေးသွားမည်ဖြစ်ကြောင်း။
- အောက်တိုဘာလ ၁၈ ရက်တွင် ၎င်းမှာ ကျော်ဟိန်း(ဖမ်းဆီးရန်ကျန်)နှင့် အကျဉ်းထောင်အနီး သွားရောက်၍ လက်လုပ်မိုင်းများချထားမည့်နေရာနှင့် ၎င်းတို့ပြန်ထွက်မည့်လမ်းကြောင်းများအား သွားရောက်ကြည့်ရှုခဲ့ ကြကြောင်း။
- ဖောက်ခွဲရာတွင် အသုံးပြုမည့် လက်လုပ်မိုင်းများအား “စွန်ရဲ” အမည်ခံ အမျိုးသမီး၏ ချိတ်ဆက်ပေးမှုဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းပေါ်ရှိ ယောက်ကော်ကားမှတ်တိုင်၌ အမျိုးသား ၂ ဦး (စိစစ်ဆဲ)က စက်ဘီးတစ်စီးဖြင့် ရောက်ရှိလာပြီး ပီနံအိတ်အဖြူရောင်ဖြင့်ထည့်ထားသည့် လက်လုပ်မိုင်း ၃ လုံးအား ပေးခဲ့ကြောင်း။
- အောက်တိုဘာလ ၁၉ ရက်တွင် ၎င်းမှာ လက်လုပ်မိုင်းများ ထည့်ထားသည့် အထုပ်အား အငှားယာဉ်ဖြင့်တင်ဆောင်ကာ ကျော်ဟိန်း (ဖမ်းဆီးရန်ကျန်)နှင့် ချိန်းဆိုထားသည့် အင်းစိန်မြို့နယ်၊ ပေါက်တောဝမီးပွိုင့်အနီးရှိ ဒါရ်ကာဗလီသို့ သွားရောက်တွေ့ဆုံကာ မုန့်များနှင့် တစ်ရှူးများဝယ်ယူ၍ လက်လုပ်မိုင်းများဖြင့် ပါဆယ်ထုပ်များ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း။
- ထိုသို့ပြင်ဆင်နေစဉ် ၎င်း၏ဇနီးမှာ အကျဉ်းထောင်အရှေ့လမ်းတစ်ဖက်ခြမ်း၌ ပေါက်ကွဲမှုဖြစ်စဉ်အား မှတ်တမ်းတင် Video ရိုက်ကူးရန် စောင့်ဆိုင်းနေခဲ့ကြောင်း။
- ထို့နောက် ၎င်းသည် လက်လုပ်မိုင်းထည့်ထားသည့် ပါဆယ်အထုပ်တစ်ထုပ် အား ဝင်ပေါက်အနီးရှိ အမှိုက်ပုံးပေါ်တွင်လည်းကောင်း၊ ကျော်ဟိန်း (ဖမ်းဆီးရန်ကျန်)မှ ပါဆယ်အထုပ် ၂ ထုပ်အား လူဝင်/ထွက်စာရင်း လုပ်သည့်နေရာ အနီးနှင့် ပါဆယ်လက်ခံသည့်ဌာနကောင်တာပေါ်တို့တွင်လည်းကောင်း ချထားခဲ့ပြီး ပြန်လည်ထွက်ခွာခဲ့ကာ ထောင်နှင့် မျက်နှာချင်းဆိုင် လမ်းတစ်ဖက်ခြမ်းမှ အခြေအနေအား စောင့်ကြည့်နေခဲ့ကြ ကြောင်း။
- ဆက်လက်၍ ၎င်းမှာ ဇနီးဖြစ်သူအား Video ရိုက်ကူးရန် သတိပေးပြီး အဝေးထိန်း Remote Controller အား နှိပ်၍ ဖောက်ခွဲခဲ့ရာ ၎င်းတို့ထောင်ထားသည့် လက်လုပ်မိုင်း ၃ လုံးအနက် ဝင်ပေါက်အနီးရှိ အမှိုက်ပုံး ပေါ်နှင့် ပါဆယ်လက်ခံသည့်ဌာနကောင်တာပေါ်တို့တွင် ထောင်ထားခဲ့သည့် လက်လုပ်မိုင်း ၂ လုံးသာ ပေါက်ကွဲခဲ့ပြီး ကျန်တစ်လုံးမှာ ပေါက်ကွဲခဲ့ခြင်းမရှိကြောင်း။
- ချမ်းမြေ့သူ (ခ) ဂျူးဂျူးသည် ၎င်းရိုက်ကူးထားသည့် Video မှတ်တမ်းအား “စွန်ရဲ” ဆိုသူထံ signal မှ ပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။
ဆက်လက်ဖော်ထုတ်ချက်အရ တရားခံကောင်းထက် (ခ) ဖိုးစီသည် “Special Task Agency Of Burma (STA) အထူးတာဝန်လုပ်ငန်းအဖွဲ့” အမည်ခံ အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူးနှင့် ဒုဦးစီးမှူးတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင် အခြေအနေစောင့်ကြည့်ပေးခြင်းဖြင့် အကြမ်းဖက်မှုလုပ်ရပ်များကို ပူးပေါင်းပါဝင်ကျူး လွန်ခဲ့ကြောင်း ထပ်မံဖော်ထုတ်သိရှိရပါသည်။
အဆိုပါအင်းစိန်ဗဟိုအကျဉ်းထောင် ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ Facebook လူမှုကွန်ရက်စာမျက်နှာများပေါ်၌ STA အထူးတာဝန်လုပ်ငန်းအဖွဲ့အမည်ခံ အကြမ်းဖက်အဖွဲ့က ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားပြီး အချိန်မဆိုင်းဘဲ ၎င်းတို့အဖွဲ့မှ လုပ်ဆောင်ခဲ့ကြောင်း ကြေညာခဲ့သော်လည်း အချို့သော အကြမ်းဖက်အားပေး သတင်းမီဒီယာ Page များနှင့် Website များမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အများပြည်သူလူထုက အထင်အမြင်လွဲမှားစေရေး မဟုတ်မမှန်သတင်းအမှားများဖြင့် သတင်းအဆိပ်ခပ်မှုများအား မိဘပြည်သူများအနေဖြင့် သတင်းအမှန်သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၁၁-၂၀၂၂)
- ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟိုအကျဉ်းထောင်ဝင်/ထွက်ဂိတ်ပေါက်ရှိ ပါဆယ်ထုပ်လက်ခံသည့် အဆောက်အဦ၌ ဖောက်ခွဲမှုကျူးလွန်ခဲ့သည့် တရားခံ ကောင်းထက် (ခ) ဖိုးစီအား ဖောက်ခွဲမှု ကျူးလွန်စဉ် အသုံးပြုခဲ့သည့် 9 MM ကျည် (၃၀) တောင့်၊ ဒီတိုနေတာ (၂) ချောင်း၊ လက်လုပ်မိုင်းဖောက်ခွဲရာတွင် အသုံးပြုခဲ့သည့် Digital Remote Controller တစ်ခု၊ ဓာတ်ခဲအသေးနှစ်လုံး၊ ပေါက်ကွဲမှုအား Video ရိုက်ကူးရာတွင် အသုံးပြုသည့် ဖုန်း ၂ လုံးတို့နှင့်အတူ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့။
- ၎င်းသည် STA အဖွဲ့မှ “စွန်ရဲ” ဆိုသူ အမျိုးသမီး၏ခိုင်းစေမှုဖြင့် အကျဉ်းထောင်တွင် ကြီးကြပ်သည့် ဒုထောင်မှူးနှင့် ထောင်ဝန်ထမ်းများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့။
- တရားခံ ချမ်းမြေ့သူ (ခ) ဂျူးဂျူးသည် အကျဉ်းထောင်အရှေ့လမ်းတစ်ဖက်ခြမ်း၌ ပေါက်ကွဲမှုဖြစ်စဉ်အား မှတ်တမ်းတင် Video ရိုက်ကူးရန် စောင့်ဆိုင်းနေခဲ့ပြီး ၎င်းရိုက်ကူးခဲ့သည့် Video မှတ်တမ်းအား “စွန်ရဲ”ဆိုသူ အမျိုးသမီးထံ signal မှ ပေးပို့ခဲ့။
Add new comment