တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် နိုဝင်ဘာလ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်းအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအားလည်းကောင်း၊ နိုဝင်ဘာလ ၉ ရက်နှင့် ၁၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ဒေသခံပြည်သူများအားလည်းကောင်း၊ နိုဝင်ဘာလ ၁၃ ရက်တွင် ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အားလည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဆေးကုသမှုဆိုင်ရာရောဂါ ၈၃၇ ဦး၊ ခွဲစိတ်ရောဂါ ၂၀၆ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၄၅ ဦး၊ ကလေးရောဂါ ၁၄၀ ဦး၊ အရိုးရောဂါ ၄၂၄ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၁၁၉ ဦး၊ မျက်စိရောဂါ ၇၀၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၁၇ ဦး၊ စုစုပေါင်း ၂,၆၉၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။
ခွဲစိတ်ကုသရန်လိုအပ်သူ အကြီးစားခွဲစိတ်လူနာ ၁ ဦး၊ မျက်စိခွဲစိတ်လူနာ ၃၀ ဦးနှင့် အထွေထွေခွဲစိတ်လူနာ ၂ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ဓာတ်မှန်ရိုက်လူနာ ၁၂ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၁၀၃ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၁၃၆ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၇၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့ပြင် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောလူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆေးကုသမှုလာရောက်ခံယူသည့် ဒေသခံပြည်သူများအား နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များက နေ့လယ်စာနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၄-၁၁-၂၀၂၂)
- တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် နိုဝင်ဘာလ ၆ ရက်၊ ၉ ရက်၊ ၁၀ ရက်နှင့် ၁၃ ရက်တို့တွင် ကိုကိုးကျွန်းမြို့နယ်နှင့် ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ဒေသခံပြည်သူ စုစုပေါင်း ၂,၆၉၁ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့။
Add new comment