ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် ဘင်းမ်စတက်စိုက်ပျိုးရေးဝန်ကြီးများ၏ ဒုတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်

        အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများပါဝင်ဖွဲ့စည်းထားသည့် ဘင်္ဂလားပင်လယ်အော်စီးပွားရေးနှင့် နည်းပညာဆိုင်ရာဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း Bengal Initiative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) ဘင်းမ်စတက်စိုက်ပျိုးရေးဝန်ကြီးများ၏ ဒုတိယအကြိမ်အစည်းအဝေးကို နိုဝင်ဘာလ ၁၀ ရက်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး-

  • ဘင်းမ်စတက်၏ ဘုံစီမံကိန်းတစ်ခုဖြစ်သည့် တန်ဖိုးမြှင့်ထွက်ကုန်များထုတ်လုပ်ရေးတွင် ပုဂ္ဂလိကကဏ္ဍပါဝင်လာရေးမူဝါဒနှင့်အညီ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ တိုးမြှင့်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း။

  • မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အပင်ဇီဝနည်းပညာများ၊ အပင်မျိုးဗီဇဆိုင်ရာနည်းပညာများ၊ Digital Agricultural နည်းပညာများကို တီထွင်ဆန်းသစ်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း။

  • ကိုဗစ်-၁၉ ရောဂါအပါအဝင် စိန်ခေါ်မှုများစွာရှိနေသည့် လက်ရှိကာလတွင် လယ်ယာကဏ္ဍသည် ထိခိုက်မှုအနည်းဆုံးဖြစ်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံမှုကို များစွာအထောက်အကူပြုနိုင်လျက်ရှိသကဲ့သို့ နိုင်ငံတကာ ဈေးကွက် သို့လည်း တင်ပို့ပေးလျက်ရှိပြီး နိုင်ငံများအကြား ကုန်သွယ်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်နှင့် ကုန်သွယ်မှုအဟန့်အတားများ ဖြေလျော့နိုင်ရေး ကြိုးပမ်းသွားရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့။

ထို့ပြင် အစည်းအဝေးတွင် ဘင်းမ်စတက်စိုက်ပျိုးရေးအဆင့်မြင့်အရာရှိကြီးများ ဒုတိယအကြိမ်အစည်းအဝေး(2nd SOM-A)က တင်ပြလာသည့်အစီရင်ခံစာအား အတည်ပြုခြင်း၊ ဘင်းမ်စတက်စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇) နှင့်စပ်လျဉ်း၍ အတည်ပြုခြင်း၊ ဘင်းမ်စတက်အဖွဲ့အစည်းနှင့် အပြည်ပြည်ဆိုင်ရာစားနပ်ရိက္ခာနှင့် မူဝါဒသုတေသနဆိုင်ရာအဖွဲ့အစည်းတို့အကြား လက်မှတ်ရေးထိုးမည့် နားလည်မှုစာချွန်လွှာနှင့်စပ်လျဉ်း၍ အတည်ပြုခြင်းတို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးသို့ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် Mr.Tenzil Lekphell၊ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ ထိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့မှ စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများနှင့်အတူ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ  ၁၁-၁၁-၂၀၂၂)

  • ပြည်ထောင်စုဝန်ကြီးသည် ဘင်းမ်စတက်စိုက်ပျိုးရေးဝန်ကြီးများ၏ ဒုတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဘင်းမ်စတက်၏ ဘုံစီမံကိန်းတစ်ခုဖြစ်သည့် တန်ဖိုးမြှင့်ထွက်ကုန်များထုတ်လုပ်ရေးတွင် ပုဂ္ဂလိကကဏ္ဍပါဝင်လာရေးမူဝါဒနှင့်အညီ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ တိုးမြှင့်ဆောင်ရွက်သွားရန်ဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အပင်ဇီဝနည်းပညာများ၊ အပင်မျိုးဗီဇဆိုင်ရာနည်းပညာများ၊ Digital Agricultural နည်းပညာများကို တီထွင်ဆန်းသစ်ဆောင် ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့။

Add new comment