ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟောင်းဥက္ကဋ္ဌဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင်တို့၏ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲမဲမသမာမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်ဒဏ်ကျခံရမှုအပေါ် ဖြေလျော့ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း သတင်းထုတ်ပြန်

       နိုင်ငံတော်အစိုးရအနေဖြင့် ယခင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်းဖြစ်သူ ဦးမြင့်နိုင်တို့အား လူမှုရေးအရငဲ့ညှာသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့် လည်းကောင်း ဆက်လက်ကျခံရန်ကျန်ရှိနေသည့် ပြစ်ဒဏ်များအား ဖြေလျော့ပေး၍ ကျခံနေရသည့် ပြစ်ဒဏ်အသီးသီးမှ ဖြေလျော့ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သတင်းထုတ်ပြန်ထားပါသည်။

သတင်းထုတ်ပြန်ချက်

၁။     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တာဝန်အား လွှဲပြောင်းရယူပြီးနောက် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် အစဉ်အမြဲ ရှေးရှုဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးရည်ရွယ်၍ ပြစ်ဒဏ်ကျခံနေရသူများအပေါ်တွင် သော်လည်းကောင်း၊ အကြောင်းအရာတစ်မျိုးမျိုးဖြင့် ပြစ်မှုကျူးလွန်ထားသူများမှအပ စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေသူများအပေါ်တွင် လည်းကောင်း အတတ်နိုင်ဆုံး အထူးသက်ညှာစွာ ဖြေလျော့ဆောင်ရွက်ပေးလျက်ရှိသည်။

၂။      ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပါတီအစိုးရမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ခန့်အပ်ထားပြီး ရွေးကောက်ပွဲတွင် မဲမသမာမှုများလုပ်ဆောင်ခဲ့၍ ရာဇသတ်ကြီးပုဒ်မ-၁၃၀(က)ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ပြစ် ဒဏ်အသီးသီး ချမှတ်ခြင်းခံထားရသူများအနက် ယခင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်ဟောင်းဖြစ်သူ ဦးမြင့်နိုင်တို့လည်း ပါဝင်ခဲ့သည်။ တပ်မတော်အနေဖြင့် ၎င်းတို့၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်အပေါ် ပြန်လည်ဖြေရှင်းပေးရန် တောင်းဆိုမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတဟောင်းဖြစ်သူ ဦးဝင်းမြင့်ထံ ၎င်းတို့မှတင်ပြခဲ့သော်လည်း နိုင်ငံတော်သမ္မတဟောင်းက ၎င်း၏နိုင်ငံရေး အရရရှိထားသည့် အခွင့်အာဏာထက်ကျော်လွန်ကာ ကော်မရှင်လုပ်ဆောင်ချက်များအပေါ် လွှမ်းမိုးထားမှုရှိခဲ့ပြီး မဲစာရင်းများကို ပြန်လည်စစ်ဆေးရန် ငြင်းဆန်ခဲ့ကြောင်း ၎င်းတို့ကိုယ်တိုင်၏ ထုတ်ဖော်ပြောဆိုချက်များအရ အများပြည်သူတို့ သိရှိပြီးဖြစ်ပါသည်။

၃။   အဆိုပါ ပြစ်မှုကျူးလွန်သူများအနေဖြင့် ပြစ်ဒဏ်ကျခံရာတွင် ၎င်းတို့၏ အသက်အရွယ်ကြီးမြင့်မှုနှင့် ကျန်းမာရေးအခြေအနေတို့အရ ၎င်းတို့ကျူးလွန်ခဲ့သည့်ပြစ်မှုများ အပေါ်ဝန်ခံလျက် ဆက်လက်ကျခံရန် ကျန်ရှိနေသည့်ပြစ်ဒဏ်အား ဖြေလျော့ပေးပါရန် နိုင်ငံတော်အစိုးရထံသို့ အသနားခံစာ တင်ပြခဲ့ကြသည်။

၄။     သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် ယခင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်းဖြစ်သူ ဦးမြင့်နိုင်တို့အား လူမှုရေးအရငဲ့ညှာသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေးရှုသော အားဖြင့် လည်းကောင်း ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့၌ ဆက်လက်ကျခံရန် ကျန်ရှိနေသည့် ပြစ်ဒဏ်များအား ဖြေလျော့ပေး၍ ကျခံနေရသည့် ပြစ်ဒဏ်အသီးသီးမှ ဖြေလျော့ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း ထုတ်ပြန်အပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၁၁-၂၀၂၂)

  • နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးရည်ရွယ်၍ ပြစ်ဒဏ်ကျခံနေရသူများအပေါ်တွင်သော်လည်းကောင်း၊ အကြောင်းအရာတစ်မျိုးမျိုးဖြင့် ပြစ်မှုကျူးလွန်ထားသူများမှအပ စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေသူများအပေါ်တွင်လည်းကောင်း အတတ်နိုင်ဆုံး အထူးသက်ညှာစွာ ဖြေလျော့ဆောင်ရွက်ပေးလျက်ရှိ။
  • တပ်မတော်အနေဖြင့် ၎င်းတို့၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်အပေါ် ပြန်လည်ဖြေရှင်းပေးရန် တောင်းဆိုမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတဟောင်းဖြစ်သူ ဦးဝင်းမြင့်ထံ ၎င်းတို့မှ တင်ပြခဲ့သော်လည်း နိုင်ငံတော်သမ္မတဟောင်းက ၎င်း၏ နိုင်ငံရေးအရရရှိထားသည့် အခွင့်အာဏာထက်ကျော်လွန်ကာ ကော်မရှင်လုပ်ဆောင်ချက်များအပေါ် လွှမ်းမိုးထားမှုရှိခဲ့ပြီး မဲစာရင်းများကို ပြန်လည်စစ်ဆေးရန် ငြင်းဆန်ခဲ့ကြောင်း ၎င်းတို့ ကိုယ်တိုင်၏ ထုတ်ဖော်ပြောဆိုချက်များအရ အများပြည်သူတို့သိရှိပြီးဖြစ်။
  • နိုင်ငံတော်အစိုးရအနေဖြင့် ယခင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်းဖြစ်သူ ဦးမြင့်နိုင်တို့အား လူမှုရေးအရငဲ့ညှာသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေးရှုသောအား ဖြင့် လည်းကောင်း ကျန်ရှိနေသည့်ပြစ်ဒဏ်များအား ဖြေလျော့ပေး၍ ကျခံနေရသည့် ပြစ်ဒဏ်အသီးသီးမှ ဖြေလျော့ကင်းလွတ်ခွင့်ပြုခဲ့။

Add new comment