(၄၃) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၃ ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် အာဆီယံဒေသအတွင်း မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးရေးလုပ်ငန်းများ၊ ဆေးကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများ ဆောင် ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ခဲ့ရာ (၇) ကြိမ်မြောက် အာဆီယံ-တရုတ်ဆွေးနွေးညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် ဝင်းနိုင်က တရုတ်နိုင်ငံနှင့်အတူ ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး (၄၄) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သော မလေးရှားနိုင်ငံအခြေစိုက် ဩစတြေးလျနိုင်ငံသံရုံး၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ရုရှားနိုင်ငံ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာ ရုံးကိုယ်စားလှယ်များမှ လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ Online စနစ်ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၁၁-၂၀၂၂)
- (၄၃) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၃ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့။
- အဆိုပါအစည်အဝေးတွင် အာဆီယံဒေသအတွင်း မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ တားဆီးနှိမ်နင်းရေးလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့။
- (၄၄) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်။
Add new comment