ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သော (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို နိုဝင်ဘာလ ၇ ရက်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖတ်ကြားခဲ့ပါသည်။ ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက (၆၇) ကြိမ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးနှင့် ပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေး ဌာနဆိုင်ရာပြခန်းများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်းများ၊ ဒေသထွက်ကုန်အရောင်းပြခန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။
(၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ သီးနှံအမျိုးအစားပေါင်း ၄၀ ခန့် လာရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော်/ ကရင်အမျိုးသားအစည်းအရုံး(ငြိမ်းချမ်းရေးကောင်စီ) KNU/ KNLA(PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖ များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၈-၁၁-၂၀၂၂)
- (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့ပြီး ကရင်ပြည်နယ် နေ့အထိမ်းအမှတ် မုခ်ဦးနှင့် ပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့။
- တက်ရောက်လာကြသူများက ဒေသဖွံ့ဖြိုးရေးဌာနဆိုင်ရာပြခန်းများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်းများ၊ ဒေသထွက်ကုန်အရောင်းပြခန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုပြခန်း များကို လှည့်လည်ကြည့်ရှုခဲ့။
Add new comment