ရွှေကျင်မြို့နယ်ရှိ သံကူကွန်ကရစ်တံတားတစ်စင်းအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

      ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၌ နိုဝင်ဘာလ ၆ ရက်တွင် ညောင်အိုင်ကျေးရွာနှင့် ကျောက်တန်းကျေးရွာတို့အား ဆက်သွယ်ဖောက်လုပ်ထားသည့် သံကူကွန်ကရစ်အမျိုးအစား ညောင်အိုင်ချောင်းကူးတံတားအား အကြမ်းဖက် အဖွဲ့(စိစစ်ဆဲ) က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောက်တန်းကျေးရွာဘက်ခြမ်းမှ တံတား ၆၀ ပေခန့်တွင် ဝဲဘက်ကြမ်းခင်း ၄ ပေပတ်လည်ခန့်၊ တံတားလက်ရမ်းတိုင် ၃ တိုင်နှင့် တံတားထောက်တိုင်အမှတ် P-10 အပေါ်ရှိ သံဘောင်ပျက်စီးခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်း ပြတ်တောက်မှုမရှိကြောင်း သိရှိရပါသည်။

အစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်အဆောက်အဦများ၊ ပြည်သူပိုင်အိုးအိမ်များကို ဖျက်ဆီးခြင်း၊ ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်းများနှင့် လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် နိုင်ငံတစ်ဝန်းရှိ လမ်း၊ တံတားများအား အကြောင်းမဲ့ ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့ရာ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်အထိ ကာလအတွင်း လမ်းတံတားဖျက်ဆီးခံရမှု  ၆၈၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုသို့ဖြစ်စဉ်များတွင် အပြစ်မဲ့ပြည်သူများ၏ အသက်အန္တရာယ်ထိခိုက် သေကြေနိုင်သည်အထိ အကြမ်းဖက်မှုများဖြစ်ကြောင်း တွေ့ရှိရပါသည်။

အဆိုပါ သံကူကွန်ကရစ်ချောင်းကူးတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် တာဝန်ရှိသူများက တံတားအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၁၁-၂၀၂၂)

  • ရွှေကျင်မြို့နယ်၌ အကြမ်းဖက်သမားများက လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန်ရည်ရွယ်၍ သံကူကွန်ကရစ်တံတားတစ်စင်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ တံတား၏ ၆၀ ပေခန့်တွင် ဝဲဘက်ကြမ်းခင်း ၄ ပေပတ်လည်ခန့်၊ တံတားလက်ရမ်းတိုင် ၃ တိုင်နှင့် တံတားထောက်တိုင်အမှတ် P-10 အပေါ်ရှိ သံဘောင်ပျက်စီးခဲ့။

Add new comment