နိုဝင်ဘာလ ၇ ရက်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များထဲမှ တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့် သာမညဖလပွဲတော်နေ့ဖြစ်သည်နှင့်အညီ အဆိုပါနေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည် မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ကထိန်လျာသင်္ကန်း ကပ်လှူခြင်း၊ ကထိန်ခင်းခြင်း၊ ဒါနသီလဘာဝနာကုသိုလ်ယူဆည်းပူးပွားများခြင်းစသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ်ဆောင်ရွက်ကြပြီး ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုခြင်းများကို ပြုလုပ်ကြပါသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နိုဝင်ဘာလ ၇ ရက်ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိပူဇော်ခြင်း၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ ဆီမီး(၁၀၀၀) ထွန်းညှိပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြပြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ပျော်ရွှင်ကြည်နူးစွာဆင်နွဲခဲ့ကြပါသည်။
အလားတူ တန်ဆောင်တိုင်ပွဲတော်၊ မီးထွန်းပွဲတော်အထိမ်းအမှတ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း၌လည်း လမ်း၊ အဆောက်အဦများ၊ ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို သာယာလှပစွာ ပြုလုပ်ထားရှိ၍ ပျော်ပွဲရွှင်ပွဲများကိုလည်းပြုလုပ်ထားရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများက စိတ်နှလုံးအေးချမ်းစွာဖြင့် ပျော်ရွှင်ကြည်နူးစွာ ဆင်နွဲခဲ့ကြပါသည်။ ထိုသို့ တန်ဆောင်တိုင်ပွဲတော်ဆင်နွဲနေမှုများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ ပုထိုးများ၌လည်း ရှင်ဥပ ဂုတ္တမထေရ်မြတ်ပူဇော်ပွဲနှင့် မီးမျှောပူဇော်ပွဲများ၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်များကို ကျင်းပပြုလုပ်ကြရာ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက် ဖူးမြော် ကြည်ညိုကြပြီး နိဗ္ဗာန်ဈေးပွဲတော်များတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကား သိုက်မြိုက်လျက်ရှိပါသည်။
နေပြည်တော်ဥပါတ္တသန္တိစေတီတော်မြတ်ကြီးရှိ ဆင်ဖြူတော်ဆောင်တွင် ရဋ္ဌနန္ဒက ဆင်ဖြူတော်လေးအပါအဝင် အခြားဆင်ဖြူတော်များနှင့် အဖော်ဆင်များအား သဒ္ဓါကြည်ဖြူစွာဖြင့် အစာလာရောက် ကျွေးမွေးကြသူများဖြင့် အထူးစည်ကား လျက်ရှိပါသည်။
တန်ဆောင်တိုင်ရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အပန်းဖြေစခန်းများ၊ ကမ်းခြေများ၊ အများပြည်သူနှင့်သက်ဆိုင်သည့် ပန်းခြံများ၌ လာရောက်အပန်းဖြေကြသူများနှင့်အထူးစည်ကားလျက်ရှိပြီး တန်ဆောင် မုန်းလပြည့်နေ့ အခါသမယကို နိုင်ငံတစ်ဝန်းလုံးတွင် ပျှော်ရွှင်ကြည်နူးစွာ ဆင်နွှဲခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၁၁-၂၀၂၂)
- ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိပူဇော်ခြင်း၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ ဆီမီး(၁၀၀၀) ထွန်းညှိပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြပြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ပျော်ရွှင်ကြည်နူးစွာဆင်နွဲခဲ့။
- နေပြည်တော်ဥပါတ္တသန္တိစေတီတော်မြတ်ကြီးရှိ ဆင်ဖြူတော်ဆောင်တွင် ရဋ္ဌနန္ဒက ဆင်ဖြူတော်လေးအပါအဝင် အခြားဆင်ဖြူတော်များနှင့် အဖော်ဆင်များအား သဒ္ဓါကြည်ဖြူစွာဖြင့် အစာလာရောက် ကျွေးမွေးကြသူများဖြင့် အထူးစည်ကားလျက်ရှိ။
- တန်ဆောင်တိုင်ရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ တန်ဆောင်မုန်းလပြည့်နေ့အခါ သမယကို နိုင်ငံတစ်ဝန်းလုံးတွင် ပျှော်ရွှင်ကြည်နူးစွာ ဆင်နွဲခဲ့။
Add new comment