နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ နိုဝင်ဘာလ ၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနောက် မြောက်ဘက် (၁၇) မိုင်ခန့်အကွာ နဘူးလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းလျာထားမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား စီမံကိန်းရှင်းလင်းဆောင်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးတို့က ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဆောင်ရွက်မှုများ တိုးတက်ရန် နှောင့်နှေးကြန့်ကြာခဲ့ရမှု၊ စီးပွားရေးဇုန်နယ်နိမိတ်အတွင်း တည်ဆောက်ပြီး၊ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်ကျန် ဆိပ်ခံတံတားများ၊ စီမံကိန်းလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။
ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် နိုင်ငံအတွက်အကျိုးရှိမည့် စီမံကိန်းတစ်ခုဖြစ်သကဲ့သို့ နိုင်ငံတကာအတွက်လည်း အထောက်အကူဖြစ်စေကြောင်း။
- ဗီယက်နမ်နိုင်ငံမှ ဆိပ်ကမ်းအား အရှေ့အာရှနိုင်ငံများမှ အသုံးပြု၍ ထားဝယ်ရေနက်ဆိပ်ကမ်းသို့ ပို့ဆောင်ပြီး တောင်အာရှဒေသ၊ ပင်လယ်ကွေ့ဒေသသို့လည်းကောင်း။
- အနောက်ဘက်ဒေသနိုင်ငံများသည် ထားဝယ်ရေနက်ဆိပ်ကမ်းမှတစ်ဆင့် ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများသို့ ပို့ဆောင်နိုင်ပြီး ထိုမှတစ်ဆင့် အာရှအရှေ့ပိုင်းထိ ပို့ဆောင်နိုင်သဖြင့် အောင်မြင်အောင် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများ။
- စီမံကိန်းအတွင်း ယခင်ကတည်းက လျာထားဆောင်ရွက်ခဲ့သည့် တည်ဆောက်ပြီး အဆောက်အဦများအား ပျက်စီးမှုမရှိစေရေးနှင့် ရေရှည်တည်တံ့စေရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန်လိုသည့် အခြေအနေများ။
- သက်ဆိုင်ရာကော်မတီမှတစ်ဆင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကိုဖြေရှင်းပြီး အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော်ဆောင်သွားရမည့် အခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များမှာကြားခဲ့ပြီးနောက် စီမံကိန်း အကွက်ချပုံစံငယ်အား ကြည့်ရှုကာ လိုအပ်သည်များ မှာကြားဆွေးနွေးခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်း လျာထားသည့်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁၁-၂၀၂၂)
|
Add new comment