ဧရာဝတီ၊ ကျောက်ဖရား၊ မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာအရ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့် (၅)ကြိမ်မြောက် အက်ခ်မက်(ACMECS)ခရီးသွားလုပ်ငန်းဝန်ကြီးအဆင့်အစည်းအဝေး၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့ပါဝင်သည့် (၆)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ(CLMV)ခရီးသွားလုပ်ငန်းဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာလ ၂ ရက်မှ ၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၊ ဘိုရေးအန်ကောဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့်အတူ (၅)ကြိမ်မြောက် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးအဆင့်အစည်းအဝေးသို့ ပါဝင်တက် ရောက် ခဲ့ရာ အစည်းအဝေးတွင်-
- အက်ခ်မက်ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၅)အရ အဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာဆွဲဆောင်မှုများတိုးမြှင့်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းအချက်အလက်အပြန်အလှန်ဖလှယ်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာကွန်ရက်နှင့် ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရေးတို့အတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့်
- အက်ခ်မက်ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ဆီရမ်ရိကြေညာစာတမ်းအပါအဝင် အက်ခ်မက်အရာရှိကြီးများအစည်းအဝေး၏ လုပ်ငန်းတိုးတက်မှုအစီရင်ခံစာတို့ကို ဆွေးနွေးအတည်ပြုကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၆)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (CLMV) ခရီးသွားလုပ်ငန်းဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်ခဲ့ရာ အစည်းအဝေးတွင်-
- စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၂)အရ အဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်းဆိုင်ရာဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများနှင့်
- စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၅)အရ ဒေသတွင်းခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံများနှင့် ပုဂ္ဂလိကကဏ္ဍပါဝင်စေ ရေးနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးရှေ့လုပ်ငန်းစဉ်များအပါအဝင် စီအယ်လ်အမ်ဗွီအရာရှိကြီးများအစည်းအဝေး၏ လုပ်ငန်းတိုးတက်မှုအစီရင်ခံစာတို့ကို ဆွေးနွေးအတည်ပြုကြသည်။
အဆိုပါဝန်ကြီးအဆင့်အစည်းအဝေးများတွင် ပြည်ထောင်စုဝန်ကြီးက-
- မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းများပြန်လည်ဖွင့်လှစ်မှု၊ ဗီဇာခွင့်ပြုပေးမှုနှင့် ခရီးသွားဧည့်သည်ဝင်ရောက်မှုများ၊
- ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် MSMEs လုပ်ငန်းများ၏ အရေးပါမှု၊
- ဒေသတွင်းခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး အကြံပြုချက်များ၊
- အက်ခ်မက်နှင့် စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစီမံချက်များအရ မြန်မာနိုင်ငံမှ ဆောင်ရွက်ထားရှိမှုများနှင့်
- ကိုဗစ်-၁၉ အလွန်ကာလ ဒေသတွင်းခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေး အစိုးရ၊ ပုဂ္ဂလိကအပါအဝင် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားခဲ့သည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁၁-၂၀၂၂)
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ကျင်းပသည့် (၅)ကြိမ်မြောက် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးအဆင့်အစည်းအဝေးနှင့် (၆)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (CLMV) ခရီးသွားလုပ်ငန်းဝန်ကြီးအဆင့်အစည်းအဝေးတို့အား တက်ရောက်ခဲ့။
- အစည်းအဝေးများတွင် ပြည်ထောင်စုဝန်ကြီးက အက်ခ်မက်နှင့် စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစီမံချက်များအရ မြန်မာနိုင်ငံမှ ဆောင်ရွက်ထားရှိမှုများနှင့် ကိုဗစ်-၁၉ အလွန်ကာလ ဒေသတွင်းခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေး အစိုးရ၊ ပုဂ္ဂလိကအပါအဝင် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားခဲ့။
Add new comment