နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီပါဝလီမီးထွန်းပွဲတော်သို့ တက်ရောက်ချီးမြှင့်

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၆ ရက်တွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ သျှရီမဟာလက်ချ်မီးမယ်တော်ကြီးဘုရားကျောင်း၌ ကျင်းပပြုလုပ်သည့် ဒီပါဝလီမီးထွန်းပွဲတော်သို့ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရားကျောင်းအတွင်းရှိ မဟာဗောဓိညောင်ပင်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးတို့ဖြင့် ကပ်လှူပူဇော်ပြီးနောက် သျှရီမဟာလက်ချ်မီးမယ်တော်ကြီးရုပ်ထုအား ဟိန္ဒူရိုးရာအစဉ်အလာနှင့်အညီ ပူဇော်ကြပါသည်။

   အခမ်းအနားအစီအစဉ်အရ ဟိန္ဒူရိုးရာအစဉ်အလာများနှင့်အညီ ဧည့်သည်တော်ကြီးများအား ရိုးရာပန်းကုံးစွပ်၍ ပိုးပုဝါ ခြုံထည်ဖြင့် ဂုဏ်ပြုခြင်း၊ ဒီပါဝလီအထိမ်းအမှတ် ဆီမီးထွန်းညှိပေးကြခြင်းများပြုလုပ်ခဲ့ပြီး ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌက ပွဲတော်ကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဟိန္ဒူရိုးရာဒီပါဝလီမီးထွန်းပွဲတော်သို့ တက်ရောက်ချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင်-

  • ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်များ အထွဋ်အမြတ်ထားသည့် ပွဲတော်ဖြစ်ပြီး ဘာသာရေး၊ ဓမ္မရေးပွဲတော်ဖြစ်သကဲ့သို့ အမျိုးသားရေးပွဲတော်လည်းဖြစ်သည်ကို သိရှိရကြောင်း။
  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)၊ ပုဒ်မ-၃၆၂ တွင် “နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ကိုးကွယ်ရာဘာသာ သာသနာများ” ဟူ၍ အသိအမှတ်ပြုပြဋ္ဌာန်းထားသည့်အပြင် ပုဒ်မ-၃၆၃ တွင်လည်း “နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ရမည်”ဟုလည်း ထပ်မံပြဋ္ဌာန်းထားပါကြောင်း။
  • ထို့ကြောင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အဓိကဘာသာကြီး လေးဘာသာရှိသည့်အနက် ဘာသာအသီးသီးတို့၏ ဘာသာရေးအခမ်းအနားများ ဆောင်ရွက်ကြရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သည့် အကူအညီအထောက်အပံ့များ ပေးအပ်လျက်ရှိသကဲ့သို့ ဆိုင်ရာဆိုင်ရာ အခမ်းအနားများကိုလည်း နိုင်ငံတော်အကြီးအကဲများနှင့် ပြည်ထောင်စုဝန်ကြီးများက တက်ရောက်၍ အားပေးချီးမြှင့်လျက်ရှိကြောင်း။
  • ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအတွက် အခြေခံမူ ၄ ချက်ဖြစ်သည့် ဘာသာပေါင်းစုံမှ ဘာသာဝင်အချင်းချင်း အပြန်အလှန်လေးစားပြီး အတူတကွ အေးချမ်းစွာနေထိုင်သွားကြရန်၊ ဘာသာရေး၊ လူမှုရေး၊ ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကို ကူညီစောင့် ရှောက်ကြရန်၊ ဘာသာရေးနှင့် ဆက်နွှယ်သည့် နစ်နာမှုများရှိလာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးရန် စသည့် ကောင်းမြတ်သည့်အခြေခံမူများ ချမှတ်ပြီး ဆောင်ရွက်နေကြသည်ဟု သိရှိရကြောင်း။
  • ဟိန္ဒူဘာသာဝင်များအနေဖြင့် အဆိုပါ ကောင်းမြတ်သည့် အခြေခံမူများနှင့်အညီ ဘာသာကြီးလေးခု၏ ချစ်ကြည်ညီညွတ်မှုကို ဝိုင်းဝန်းကူညီပြီး ဆက် လက်အကောင်အထည်ဖော်ကြစေလိုကြောင်း။
  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားအချင်းချင်း၊ လူမျိုးအချင်းချင်း မတူကွဲပြားသည့် ဘာသာဝင်များ အချင်းချင်း၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသည့် ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားပြီး မိမိတို့ ကိုးကွယ် ဆည်းကပ်ရာ ဘာသာတရားအဆုံးအမများကို ခံယူကြလျက် အစွန်းနှစ်ဖက်ကို ရှောင်ရှားပြီး မိမိတို့ အမိနိုင်ငံတော်ကြီး၏ အကျိုးစီးပွားကို ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားခဲ့။

       မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီးက အမှတ်တရစကားပြောကြားရာတွင်-

  • ယခုကဲ့သို့ ဟိန္ဒူရိုးရာဒီပါဝလီပွဲတော်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အပါအဝင် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များကိုယ်တိုင် လာရောက်ချီးမြှင့်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ပွဲတော်ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့ကြ သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ဘာသာတရား၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်မှုများ အခြေခံအားဖြင့် တူညီမှုရှိကြောင်း၊ ထို့ပြင်နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအချင်းချင်း ကောင်းမွန်သည့် ဆက်ဆံရေး များရှိကြကာ ပိုမိုတိုးမြှင့်ခိုင်မာစေရေး ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

      မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးက အမှတ်တရစကားပြောကြားရာတွင်-

  • ဒီပါဝလီပွဲတော်သည် ဟိန္ဒူလူမျိုးများအတွက် အရေးကြီးသည့် ပွဲတော်တစ်ခုဖြစ်ပြီး ယခုကဲ့သို့တက်ရောက်ခွင့်ရရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ရှိ ဘာသာဝင်များအားလုံး ငြိမ်းငြိမ်းချမ်းချမ်းရှိကြရန် မေတ္တာပို့သပါကြောင်း၊ ပွဲတော် အထိမ်းအမှတ်ဂုဏ်ပြုသည့်စကားအနေဖြင့် ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ ဟု ပြောကြားလိုကြောင်းနှင့် ကြွရောက်လာကြသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်းဖြင့်လည်းကောင်း မြန်မာဘာသာစကားဖြင့် ပြောကြားခဲ့ပါသည်။

   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများအား ဟိန္ဒူရိုးရာယဉ်ကျေးမှုအကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဟိန္ဒူရိုးရာယဉ်ကျေးမှု အဖွဲ့များအား အမှတ်တရဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

   အဆိုပါအခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးအဖွဲ့ ဗဟိုအကျိုးတော်ဆောင်၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ (ဗဟို) ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဟိန္ဒူမျိုးနွယ်စုများ၊ ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁၁-၂၀၂၂)

  • ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်များ အထွဋ်အမြတ်ထားသည့် ပွဲတော်ဖြစ်ပြီး ဘာသာရေး၊ ဓမ္မရေးပွဲတော်ဖြစ်သကဲ့သို့ အမျိုးသားရေးပွဲတော်လည်းဖြစ်။
  • ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း () ပုဒ်မ-၃၆၂ တွင်နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ကိုးကွယ်ရာဘာသာ သာသနာများဟူ၍ အသိအမှတ်ပြု ပြဋ္ဌာန်းထား သည့်အပြင် ပုဒ်မ-၃၆၃ တွင်လည်းနိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ရမည်ဟုလည်း ထပ်မံပြဋ္ဌာန်းထား။
  • ဟိန္ဒူဘာသာဝင်များအနေဖြင့် ကောင်းမြတ်သည့် အခြေခံမူများနှင့်အညီ ဘာသာကြီးလေးခု၏ ချစ်ကြည်ညီညွတ်မှုကို ဝိုင်းဝန်းကူညီပြီး ဆက်လက်အကောင်အထည်ဖော်ကြစေလို။

Add new comment