တန်ဆောင်တိုင်ရုံးပိတ်ရက်များတွင် နိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးဘုရား၊ စေတီပုထိုးများ အပန်းဖြေနေရာများ၌ အများပြည်သူများဖြင့် စည်ကားလျက်ရှိ

     မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလသည် တစ်မူထူးခြားသည့် လတစ်လဖြစ်ပြီး တန်ဆောင်မုန်းလတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်းအလှူပွဲတော်၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ ကျီးမနိုးပွဲတော်နှင့် သာမညဖလအခါတော်နေ့ပွဲတော်တို့ကို ကျင်းပ လေ့ရှိပါသည်။

     တန်ဆောင်မုန်းလဆန်း(အဖိတ်နေ့) တွင် နိုင်ငံတစ်ဝန်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအပါအဝင် တန်ခိုးကြီးဘုရားစေတီပုထိုးများတွင် ကုသိုလ်ပြုကြသူများဖြင့် စည်ကားများပြားလျက်ရှိသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များရှိ ဘုရားကျောင်းကန်အသီးသီးနှင့် ဘုန်းတော်ကြီးကျောင်းများတွင်လည်း သာမညဖလအခါတော်နေ့အကြို အလှူဒါနပြုကြသူများ၊ ဒါန၊သီလ၊ ဘာဝနာကုသိုလ်ပြုကြသူများ၊ ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များဖြင့် ရွတ်ဆိုပူဇော်ခဲ့ကြပါသည်။

  ထို့အပြင် အများပြည်သူများသည် အပန်းဖြေနေရာများဖြစ်သည့် ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေနှင့် ငပလီကမ်းခြေများ၌လည်းကောင်း၊ ဦးပိန်တံတား၊ အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ နန်းမတော်မယ်နုအုတ်ကျောင်း၊ ပွဲကောက်ရေတံခွန်နှင့် အမျိုးသားကန်တော်ကြီး ဥယျာဉ်၌လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ အထင်ကရပန်းခြံများနှင့် အပန်းဖြေဥယျာဉ်များ၌လည်းကောင်း လာရောက်အပန်းဖြေအနားယူကြသူများဖြင့် အထူးစည်ကားလျက်ရှိပြီး နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့အပါအဝင် အခြားမြို့ကြီးများ၌ လမ်းများ၊ အဆောက်အဦများနှင့် ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ပြုလုပ်ခဲ့ရာ မြို့ရွာများရှိ မိသားစုဝင်များက စိတ်နှလုံးအေးချမ်းပျော်ရွှင်စွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၇-၁၁-၂၀၂၂)

  • တန်ဆောင်တိုင်ရုံးပိတ်ရက်များ၌ နိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးဘုရားစေတီပုထိုးများတွင် ကုသိုလ်ပြုကြသူများဖြင့် စည်ကားများပြားလျက်ရှိသည့်အပြင် အပန်းဖြေဥယျာဉ်များ၊ ပန်းခြံများ၊ ကမ်းခြေများနှင့် အပန်းဖြေနေရာများတွင် အများပြည်သူများဖြင့် စည်ကားလျက်ရှိ။

Add new comment