လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူများလိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို အမျိုးမျိုးသောဓာတ်အားလိုင်းများဖြင့် ဖြန့်ဖြူးပေးလျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများက ဓာတ်အားပို့လွှတ်ပေးလျက်ရှိသည့် တာဝါတိုင်များကို မိုင်းခွဲဖျက်ဆီးခြင်းများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ ဖျက်ဆီးခံခဲ့ရသည့် တာဝါတိုင်များကိုလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တပ်မတော်နှင့်ပူးပေါင်း၍ အကြိမ်ကြိမ်ပြုပြင်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါသည်။
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ပြည့်မီစွာဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုးချဲ့တည်ဆောက်ဆောင်ရွက်လျက်ရှိသကဲ့သို့ လက်ရှိထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကိုလည်း ပြည်သူလူထုထံသို့ ပို့လွှတ်ဖြန့်ဝေပေးခြင်းများအား မဟာဓာတ်အားလိုင်းများနှင့် အမျိုးမျိုးသောဓာတ်အားလိုင်းများဖြင့် လျှပ်စစ်ဓာတ်အားများကို ဖြန့်ဖြူးပေးလျက်ရှိရာ ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပို့လွှတ်ပေးလျက်ရှိသော ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း၏ တာဝါတိုင်(၂)တိုင်ကို ၃-၁၁-၂၀၂၂ ရက်နေ့ ၁၉:၄၀ နာရီတွင် အကြမ်းဖက်သောင်းကျန်းသူများမှ မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရသဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေး လျက်ရှိသည့် လျှပ်စစ်ဓာတ်အား (၇၀) မဂ္ဂါဝပ်လျော့နည်းခဲ့ရပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ထိုသို့ဖောက်ခွဲဖျက်ဆီးခံရမှုများအပေါ် အကြိမ်ကြိမ်ပြုပြင်ဆောင်ရွက်မှုများပြုလုပ်နေစဉ်အချိန်များတွင်လည်း နှောင့်ယှက်တိုက်ခိုက်မှုများရှိခဲ့သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် အသက်ပေးဆပ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းများလည်း ရှိခဲ့ပါသည်။
အကြမ်းဖက်သောင်းကျန်းသူများသည် အများပြည်သူသို့ ဖြန့်ဖြူးပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားလိုင်းများကို မိုင်းခွဲဖျက်ဆီးခဲ့မှုများအနေဖြင့် ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် စုစုပေါင်းဓာတ်အား (၂၄၀) မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ် ပေးလျက်ရှိသည့် ဓာတ်အားလိုင်းများဖြစ်သော ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-ရွှေမြို့မဟာဓာတ်အားလိုင်းမှ တာဝါတိုင်(၁၅)တိုင်အား (၆)ကြိမ်၊ ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-တောင်ငူမဟာဓာတ်အားလိုင်းမှ တာဝါတိုင်(၆)တိုင်အား (၄)ကြိမ်၊ ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် နှစ်ထပ် ဓာတ်အားလိုင်းမှ တာဝါတိုင် (၂၁)တိုင်အား (၇)ကြိမ် အသီးသီးဖျက်ဆီးခံခဲ့ရသည်များကိုလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တပ်မတော်နှင့်ပူးပေါင်း၍ အကြိမ်ကြိမ်ပြုပြင်ဆောင်ရွက်မှုများကိုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်မှုများအပေါ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသဖြင့် ပြည်သူလူထုမှလည်း လျှပ်စစ်ဓာတ်အားလိုင်းများ ထပ်မံဖျက်ဆီးခံရမှုမရှိစေရေး ဝိုင်းဝန်း ပူးပေါင်းစောင့်ရှောက်ပေးကြပါရန် ပန်ကြားအပ်ပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၆-၁၁-၂၀၂၂)
- ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် ဓာတ်အားလိုင်းများဖြစ်သော ၂၃၀ ကေဗွီ ဘီလူးချောင်း (၂)-ရွှေမြို့မဟာဓာတ်အားလိုင်းမှ တာဝါတိုင်(၁၅)တိုင်၊ ၂၃၀ ကေဗွီ ဘီလူးချောင်း (၂)-တောင်ငူမဟာ ဓာတ်အားလိုင်းမှ တာဝါတိုင်(၆)တိုင်၊ ၁၃၂ ကေဗွီ ဘီလူးချောင်း (၂)-တီကျစ် နှစ်ထပ်ဓာတ်အားလိုင်းမှ တာဝါတိုင် (၂၁)တိုင်၊ စုစုပေါင်းတာဝါတိုင် (၄၂)တိုင် ဖျက်ဆီးခံခဲ့ရ။
- အကြမ်းဖက်သောင်းကျန်းသူများက ဓာတ်အားပို့လွှတ်ပေးလျက်ရှိသည့် တာဝါတိုင်များကို မိုင်းခွဲဖျက်ဆီးခြင်းများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တပ်မတော်နှင့်ပူးပေါင်း၍ အကြိမ်ကြိမ်ပြုပြင်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိ။
- ထိုသို့ဖောက်ခွဲဖျက်ဆီးခံရမှုများအပေါ် အကြိမ်ကြိမ်ပြုပြင်ဆောင်ရွက်မှုများပြုလုပ် နေစဉ်အချိန်များတွင်လည်း နှောင့်ယှက်တိုက်ခိုက်မှုများရှိခဲ့သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် အသက်ပေးဆပ်ခဲ့ရခြင်းများ၊ ထိခိုက်ဒဏ်ရာရရှိခြင်းများလည်းရှိခဲ့။
Add new comment