နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်နှင့် စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်တို့သည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သွားရောက်ဆောင်ရွက်ပေးခဲ့ရာ-

  • နိုဝင်ဘာလ ၄ ရက်တွင် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပခဲ့သည့် ထွန့်ပတိုင်ရေကန်အဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့။
  • နိုဝင်ဘာလ ၅ ရက်တွင် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် (၆) လ ဘတ်ဂျတ်တွင် (၇,၇၆၆ ဒသမ ၂၂၄) ကျပ်သန်းဖြင့် တည်ဆောက်ခဲ့သည့် ဇွဲကပင်အားကစားကွင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူတော်ကြီးအတွင်းရှိ အုတ်ခွက်ဘုရားများနှင့် ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုခဲ့။
  • နိုဝင်ဘာလ ၆ ရက်တွင် ဘားအံမြို့နယ်၊ တရုတ်လှကျေးရွာ၊ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၌ ကျင်းပသည့် သံလွင်မြစ်အတွင်း ငါးမျိုးများစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်၍ ငါးမျိုးများစိုက်ထည့်ပေးခြင်း၊ ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက်၊ မြို့မဘောလုံးကွင်း၌ ကရင် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် တန်ဆောင်တိုင်ပွဲတော် မီးပုံပျံလွှတ်တင်ပွဲအခမ်းအနားသို့ တက်ရောက်၍ မီးပုံးပျံလွှတ်တင်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ခြင်းနှင့် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာ ယဉ်ကျေးမှု ဒုံးအကပြိုင်ပွဲသို့ သွားရောက်ကြည်ရှုခဲ့ခြင်းများဆောင်ရွက်ခဲ့။

   တန်ဆောင်မုန်းလပြည့်နေ့နှင့် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့သည် ထူးခြားစွာ တိုက်ဆိုင်နေပြီး တန်ဆောင်တိုင်ပွဲတော်ကာလတွင် ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူတို့၏ ရိုးရာယဉ်ကျေးမှု ဒုံးအကများနှင့် ဖားစည်သံများ ပျံ့လွင့်နေမည် ဖြစ်ကြောင်းနှင့် မီးပုံးပျံလွှတ်တင်ပွဲတော်သည် မြတ်စွာဘုရားအား သဒ္ဒါထက်သန်စွာဖြင့် ကြည်ညိုပူဇော်ခြင်းနှင့် ကရင်တိုင်းရင်းသားတို့၏ ချစ်စရာရိုးရာယဉ်ကျေးမှုအစဉ်အလာများ ပေါင်းယှက်ပြီး တိုင်းရင်းသားအားလုံး၏ ရိုးသားဖြူစင်ပွင့်လင်းသည့် စိတ်နေသဘောထားများကိုဖော်ပြ၍ ပေါင်းစည်းညီညွှတ်မှုနှင့်တကွ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအနှစ်သာရကို ဖော်ဆောင်နိုင်ရေး ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁၁-၂၀၂၂)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သွားရောက်ဆောင်ရွက်ပေးခဲ့။

Add new comment