ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ်၊ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ (၁၂) ကြိမ်မြောက် မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်တို့တွင် နေပြည်တော်ကောင်စီနယ်မြေ၌ သီးခြားစီကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှတို့နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ်၊ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးဦးဆောင်သည့် ဆရာတော်ကြီး ၂၇ ပါးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ (၁၂) ကြိမ်မြောက် မဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးမှူးပြုသည့် ဒေသခံဆရာတော်ကြီး ၂၇ ပါးတို့ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက အစီအစဉ်များအတိုင်း ပဓာနနာယက ဆရာတော်ကြီးများထံ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြခြင်းနှင့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်ပွဲတွင် ပဒေသာပင် ၄၄ ခုနှင့် လှူဒါန်းငွေ ၇၃,၆၄၃,၂၅၀ ကျပ်ဖြစ်သဖြင့် စုစုပေါင်းလှူဒါန်းမှုမှာ တန်ဖိုးငွေကျပ် ၁၁၂,၉၆၅,၈၅၀ ဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ (၁၂)ကြိမ်မြောက် မိသားစုမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားတွင် ရုံး၊ ဌာနအသီးသီးမှ ပဒေသာပင်စုစုပေါင်း ၈၄ ခု၊ တန်ဖိုးငွေကျပ် ၁,၇၁၃ သိန်းကျော်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁၁-၂၀၂၂)
|
Add new comment