ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ်၊ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂ ရက်တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်၌ ကျင်းပပြုလုပ် ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့ပြီး ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

     အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ပဓာနနာယက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့၊ မင်းကျောင်း ပထမပြန် စာသင်တိုက် ပဓာနနာယက ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများအမှူးပြုသည့် ပင့်ဖိတ်ထားသော ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင်များနှင့် ဇနီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သာသနာ့မဟာဗိမာန်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုခဲ့ပြီး ကထိန်ခံ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်သို့လှူဒါန်းရန် ခင်း ကျင်းပြင်ဆင်ထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

     ယင်းနောက် အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် ဗန်းမော် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဗန်းမော်ဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ကထိန်အလှူခံကျောင်း မစိုးရိမ်တိုက်သစ်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဓမ္မထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။

      ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့သည် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံသို့ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး အခမ်းအနားတက်ရောက်လာကြသည့် ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ တပ်မတော်အရာရှိကြီးများက ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်း လောင်း အမျှပေးဝေခဲ့ကြပြီးနောက် ဗန်းမော်ဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ အဆိုပါ ၂၀၂၂ ခုနှစ် ကထိန် သင်္ကန်းဆက်ကပ်တွင် ပဒေသာပင် ၄၄ ခုနှင့် လှူဒါန်းငွေ ၇၃,၆၄၃,၂၅၀ ကျပ်ဖြစ်သဖြင့် စုစုပေါင်းလှူဒါန်းမှုမှာ တန်ဖိုးငွေကျပ် ၁၁၂,၉၆၅,၈၅၀ ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၁၁-၂၀၂၂)

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ်၊ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၂ ရက်တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်၌ ကျင်းပ ပြုလုပ်ခဲ့။

  • ၂၀၂၂ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ပဒေသာပင် ၄၄ ခုနှင့် လှူဒါန်းငွေ ၇၃,၆၄၃,၂၅၀ ကျပ်ဖြစ်သဖြင့် စုစုပေါင်းလှူဒါန်းမှုမှာ တန်ဖိုးငွေကျပ် ၁၁၂,၉၆၅,၈၅၀ ဖြစ်။

Add new comment