အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့များအား အားပေးကူညီလျက်ရှိသော လူပုဂ္ဂိုလ်များသည် ပြည်တွင်း/ပြည်ပမှ အစွန်းရောက်အကြမ်းဖက်ထောက်ခံသူများထံမှ ငွေကြေး များကောက်ခံကာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား အကြမ်းဖက်အဖွဲ့များထံသို့ ပေးပို့လျက်ရှိသည့်သတင်းအရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် ပုလဲ-ဂန့်ဂေါသွားကားလမ်းဆုံ၌ PDF အကြမ်းဖက်အဖွဲ့ဝင်များထံ ထောက်ပံ့မည့် တရားမဝင်ဆေးဝါးနှင့် ဆေးပစ္စည်းများတင်ဆောင်၍ ယာဉ်မောင်း ကျော်လွင်ထက်(ခ)သားသား မောင်းနှင်ပြီး ယာဉ်နောက်လိုက် ခွာကျဲအို လိုက်ပါလာသည့် ၆ ဘီးယာဉ်ပေါ်မှ မေ့ဆေးစက် ၁ လုံး၊ ဆေး ပစ္စည်းမျိုးစုံ ကတ်ထူဖာ ၂၅ ဖာ၊ လျှပ်စစ်ပစ္စည်းဖာ ၁၄ ဖာ၊ အဝတ်အထည်အိတ် ၂၀ အိတ်၊ အခြားလူသုံးကုန်ပစ္စည်းမျိုးစုံ ၃၇ ဖာ (စုစုပေါင်းကာလတန်ဖိုး ၄၈ သိန်းခန့်)တို့အား သိမ်းဆည်းရမိခဲ့ပါသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ အောင်မြေသာစံမြို့နယ်၊ ရွှေမေတ္တာကားဂိတ်တွင် PDF အကြမ်းဖက်အဖွဲ့များထံ ထောက်ပံ့ပေးမည့် ပစ္စည်းများအား လက်ခံထားရှိသည့် ညီညီလှိုင်(ဂိတ်စာရေး)၊ စိုးဝင်းထွန်း(ဂိတ်မှူး)၊ ဝေလင်းဦး (ယာဉ်မောင်း)တို့ ၃ ဦးအား တရားမဝင်ဆေးပစ္စည်းမျိုးစုံ ၈၆ ဖာနှင့်အတူ ဖမ်းဆီးရမိပြီး အောက်တိုဘာလ ၂၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးလင်း PDF အကြမ်းဖက်အဖွဲ့အား ထောက်ပံ့ပေးနေသူ ဇင်မာဝင်း(ခ)သူဇာ(မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ CDM-သူနာပြု)၊ ပိုးသန္တာအောင်(မန္တလေးဗဟိုအမျိုးသမီးဆေးရုံမှ CDM–သားဖွားဆရာမ)၊ မင်းဇော်ဦး(ခ)နေမျိုးဦး(မန္တလေးဆေးတက္ကသိုလ်၊ ခွဲစိတ်ဌာနမှ ကထိက/CDM ဆရာဝန်)၊ ကြည်သဒ္ဒါဖြူနှင့် ယွန်းနန္ဒာထွန်း (ကုတင်- ၃၀၀ သင်ကြားရေးဆေးရုံ၊ CDM-သူနာပြု)တို့အား ထပ်မံ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ-
- မင်းဇော်ဦး(ခ)နေမျိုးဦး(ဆရာဝန်)သည် ချင်းပြည်နယ်၊ မင်းတပ်မြိို့နယ်၊ ဝမ္မသူးတိုက်နယ်ဆေးရုံ၌ CDF (မင်းတပ်) အကြမ်းဖက်အဖွဲ့များနှင့် ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဖလိုင်ကျေးရွာရှိ PDF အကြမ်းဖက်အဖွဲ့ဝင်များအား တရားမဝင် ဆေးဝါး ကုသခြင်းနှင့် ထောက်ပံ့ခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း။
- မင်းတပ်မြို့နယ်အတွင်းရှိ PDF အကြမ်းဖက်အဖွဲ့များအား ဆေးဝါးနှင့် ရိက္ခာများ ထောက်ပံ့ပေးနိုင်ရေး အကြောင်းပြချက်ဖြင့် အလှူငွေများကောက်ခံခဲ့ရာ လှူဒါန်းငွေ စုစုပေါင်းငွေကျပ်သိန်း ၂,၉၀၀ ခန့်အားရရှိခဲ့ပြီး ၎င်းငွေကြေးများအား ပိုးသန္တာအောင်၏ ဘဏ်အကောင့်နှင့် Kpay အကောင့်များမှတဆင့် လက်ခံမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါရရှိငွေကြေးများဖြင့် တရားမဝင်ဆေးဝါးများဝယ်ယူ၍ PDF အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့ပေးခြင်း၊ ကိုယ်ရေးကိုယ်တာကိစ္စများတွင် အသုံးပြုခြင်းများ ပြုလုပ်ခဲ့ ကြောင်း။
- ပိုးသန္တာအောင်(သူနာပြု)သည် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ဂန့်ဂေါ PDF အဖွဲ့ဝင် ၂ ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဖွင့်လှစ်သည့် PDF အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများ၌ ဆေးဝါးကုသမှုဆိုင်ရာ သင်တန်းပို့ချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း။
- ဆေးဝါးများအား ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ဆေးဆိုင်တို့မှ ဆေးဝါးများအားဝယ်ယူ၍ ပခုက္ကူမြို့ရှိ PDF အကြမ်းဖက်အဖွဲ့များထံသို့ ၄ ကြိမ်ခွဲ၍ ထောက်ပံ့ပေးခဲ့သည့်အပြင် ရွှေဇီဝဆေးဆိုင်နှင့် ကွန်ကောဒီးယားဆေးရုံသုံး ပစ္စည်းအရောင်းဆိုင်များမှ ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် မေ့ဆေးစက်တို့အား ဝယ်ယူ၍ PDF အကြမ်းဖက်အဖွဲ့များထံ ထောက်ပံ့နိုင်ရေးအတွက် ရွှေမေတ္တာကားဂိတ်မှတစ်ဆင့် ပို့ဆောင်မှုများရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။
ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် အသိပေး သတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁၁-၂၀၂၂)
- PDF အကြမ်းဖက်အဖွဲ့များထံ တရားမဝင်ဆေးဝါးကုသခြင်းနှင့် ထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးခဲ့သည့် ဇင်မာဝင်း(CDM-သူနာပြု၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး)၊ ပိုးသန္တာအောင်(CDM–သားဖွားဆရာမ၊ မန္တလေးဗဟိုအမျိုးသမီးဆေးရုံ)၊ မင်းဇော်ဦး(ကထိက/CDM ဆရာဝန်၊ မန္တလေးဆေးတက္ကသိုလ်၊ ခွဲစိတ်ဌာန)၊ ကြည်သဒ္ဒါဖြူနှင့် ယွန်းနန္ဒာထွန်း (CDM-သူနာပြု၊ ကုတင်-၃၀၀သင်ကြားရေးဆေးရုံ)တို့နှင့်အတူ မေ့ဆေးစက် ၁ လုံး၊ ဆေးပစ္စည်း မျိုးစုံကတ်ထူဖာ ၁၁၁ ဖာ၊ လျှပ်စစ်ပစ္စည်း ဖာ ၁၄ ဖာ၊ အဝတ်အထည်အိတ် ၂၀ အိတ်၊ အခြားလူသုံးကုန်ပစ္စည်းမျိုးစုံ ၃၇ ဖာ (စုစုပေါင်းခန့်မှန်းတန်ဖိုးသိန်း ၂၀၀ ခန့်) အား ဖမ်းဆီးရမိခဲ့။
Add new comment