၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ညောင်နီကုန်းကျေးရွာအနီး၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက်ရှိသည့် အမျိုးသမီးတစ်ဦး၏အလောင်းအား တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွား ရောက်စစ်ဆေးခဲ့ရာ အဆိုပါသေဆုံးနေသည့်အမျိုးသမီးမှာ လက်ပံတန်းမြို့၊ မအူကုန်းရပ်ကွက်၊ ကံကြီးလမ်းရှိ 152 KTV ဆိုင်မှ ဝန်ထမ်း မနွယ်နီ(ခ)ယိမ်းဖြစ်ကြောင်း သိရှိရပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ လက်ပံတန်းမြို့၊ မအူကုန်းရပ်ကွက်၊ သုဝဏ္ဏလမ်းနေ 152 KTV ဆိုင်နှင့် 'ရွှေလက်ရာ' စားသောက်ဆိုင်ပိုင်ရှင် မြတ်မင်းပိုင်(ခ)ဝင်းထွဋ်အောင်နှင့်အတူ ပြစ်မှုကျူးလွန်ခဲ့သည့် သက်ထွန်းအောင်(ခ)အောင်လေး၊ သူရဦး၊ နေလင်းအောင်နှင့် စန်းမင်းအောင်တို့အား Sig Sauer ပစ္စတို ၁ လက်၊ ခြောက်လုံးပြူးလေသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၂၂၁ တောင့်၊ လက်ပစ်ဗုံး ၈ လုံး၊ မှန်ပြောင်း ၁ ခု၊ စကားပြောစက် ၂၂ လုံး၊ လက်ထိပ် ၁ ခု၊ လက်ကိုင်ဖုန်း ၇ လုံး၊ မော်တော်ယာဉ် ၁ စီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ-
- မြတ်မင်းပိုင်(ခ)ဝင်းထွဋ်အောင်သည် NLD ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လက်ပံတန်းမြို့နယ်၌ NLD ပါတီအောင်နိုင်ရေးအတွက် ဦးဆောင်စည်းရုံးဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ကြောင်း။
- NLD အစိုးရကာလ ၂၀၁၆ ခုနှစ်တွင် လက်ပံတန်းမြို့၌ 152 KTV ဆိုင်အား တရားမဝင်ဖွင့်လှစ်၍ရရှိသော ငွေကြေးအကျိုးအမြတ်များအား လက်ပံတန်းမြို့ နယ် NLD ပါတီအတွက် ထောက်ပံ့ပေးခြင်းနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် NLD ပါတီအောင်နိုင်ရေးအတွက် ထောက်ပံ့ပေးမှုများဆောင်ရွက်ခဲ့ကြောင်း။
- ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်တွင် တရားခံသည် 152 KTV ဆိုင်ရှိ သီးသန့်အခန်း၌ အရက်သေစာသောက်စားကာ ဆိုင်ဝန်ထမ်း မနွယ်နီ(ခ)ယိမ်း၏ ဦးခေါင်းပေါ်တွင် ရေသန့်ဗူးတင်၍ ပစ္စတိုဖြင့်ပစ်ခတ်ခဲ့ရာ ဝဲဘက်နားထင်အား ကျည်ထိမှန်ခဲ့ပြီး သွေးအိုင်ထဲ၌လဲ၍ သတိလစ်မေ့မျောနေစဉ် သေဆုံးပြီဟု ယူဆ၍ အလောင်းအားဖျောက်ဖျက်ရန် ဆိုင်မှဝန်ထမ်းများဖြစ်သော သက်ထွန်းအောင်၊ သူရဦး၊ နေလင်းအောင်တို့နှင့်အတူ ညောင်နီကုန်းကျေးရွာအနီးသို့ ထွက်လာခဲ့ပြီး အလောင်းအားဖျောက်ဖျက်ရန် လုပ်ဆောင်နေစဉ် မနွယ်နီမှာ ပြန်လည်သတိရလာသဖြင့် သက်ထွန်းအောင်(ခ)အောင်လေးမှ အသင့်ပါလာသော ပစ္စတိုဖြင့် ဦးခေါင်းအား ထပ်မံပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အလောင်းအား ချုံပုတ်အတွင်း၌ ဝှက်ထားခဲ့ကြောင်း။
- ဆိုင်ရှိဝန်ထမ်း စန်းမင်းအောင်သည် လူသတ်မှုကျူးလွန်ခဲ့သည့် သဲလွန်စများအား မကျန်စေရန် ဖျောက်ဖျက်လုပ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။
အပြစ်မဲ့ပြည်သူတစ်ဦးအား အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားမဝင်လက်နက်ကိုင်ဆောင်မှုများနှင့် ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်လုပ်ဆောင်သူများအား သိရှိရပါက သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ် လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် အသိပေးထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁၁-၂၀၂၂)
- အပြစ်မဲ့ပြည်သူတစ်ဦးအား အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် တရားခံ ကျား ၅ ဦးအား Sig Sauer ပစ္စတို ၁ လက်၊ ခြောက်လုံးပြူးလေသေနတ် ၁ လက်၊ ကျည် မျိုးစုံ ၂၂၁ တောင့်၊ လက်ပစ်ဗုံး ၈ လုံး၊ မှန်ပြောင်း ၁ ခု၊ စကားပြောစက် ၂၂ လုံး၊ လက်ထိပ် ၁ ခု၊ လက်ကိုင်ဖုန်း ၇ လုံး၊ မော်တော်ယာဉ် ၁ စီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့။
Add new comment