ကျိုက်ထီးရိုးဘုရားဖူးတောင်တက်ကားဂိတ်အား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ခဲ့သော အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

     ကျိုက်ထီးရိုးဘုရားဖူးတောင်တက်ကားဂိတ်အား အောက်တိုဘာလ ၁၂ ရက်တွင် PDF အကြမ်းဖက်သမားအင်အား ၁၂ ဦးခန့်က 4 Wheel ယာဉ်တစ်စီးဖြင့် ရောက်ရှိကာ မိုးမိုးကတွတ်ယိုဆိုင်အနီးမှ သေနတ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ရဲဝန်ထမ်း ၁ ဦး၊ အပြစ်မဲ့ပြည်သူ ၁၇ ဦးတို့ ဒဏ်ရာရခဲ့သောကြောင့် ကင်မွန်းချောင်း (နမစ) (ပ) ၂၆/၂၂၊ အကြမ်းဖက်ပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်စုံစမ်းခဲ့ပါသည်။

     ပစ်ခတ်မှုဖြစ်စဉ်၌ စိစစ်တွေ့ရှိရသော မျက်မြင်သက်သေ ၂၅ ဦး၊ သေဆုံးဒဏ်ရာရသူများ၏ ဆေးစာအထောက်အထားများ၊ သောင်းကျန်းသူများနှင့် PDF အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းအထောက်အထားများ၊ အခြားခိုင်မာသည့် မှတ်တမ်းအထောက်အထားများအရ သောင်းကျန်းသူများနှင့် PDF အကြမ်းဖက်သမားများသည် ဘုရားဖူးတောင်တက်ကားဝန်း အနောက်ဘက်မှနေရာယူ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဘုရားဖူးတောင်တက်ကားဝန်း အတွင်းရှိ ဘုရားဖူးလှေကားတက်စင်သို့လည်းကောင်း၊ လုံခြုံရေးအဖွဲ့အခြေပြုအဆောင်သို့လည်းကောင်း ဦးတည်ပစ်ခတ်ခဲ့ကြောင်း အထောက်အထားခိုင်မာစွာ စိစစ်တွေ့ရှိရပါသည်။

       ဘုရားဖူးတောင်တက်ကားဝန်းအတွင်း မြောက်ဘက်ဘန်ကာရှိ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သောင်းကျန်းသူများနှင့် PDF အကြမ်းဖက်သမားများအား ပြန်လည်ပစ်ခတ်ခဲ့ရာ အဆိုပါအကြမ်းဖက်သမားများနေရာယူထားသည့် မိုးမိုးကတွတ်ယိုဆိုင် ဘက်သို့ ထိမှန်ခဲ့ပြီး အဆိုပါဆိုင်အတွင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် ကျည်ထိပ်ဖူးပုံပျက်အပိုင်းအစများ စိစစ်တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပြန်လည်ပစ်ခတ်ခဲ့သည့် လားရာအရပ်သည် ဘုရားဖူးပြည်သူများရှိနေသည့် အရပ်မျက်နှာနှင့် ဆက်စပ်မှုမရှိကြောင်း မြေပြင်အထောက်အထားအရ စိစစ်တွေ့ရှိရသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မှားယွင်းပစ်ခတ်ခဲ့မှု တစ်စုံတစ်ရာမရှိကြောင်း စိစစ်တွေ့ရှိ ရပါသည်။

     မျက်မြင်သက်သေများ၊ ယခင်ဖြစ်စဉ်အထောက်အထားများ စိစစ်တွေ့ရှိချက်အရ ဘုရားဖူးပြည်သူများအား ပစ်ခတ်ခဲ့သည့်အဖွဲ့တွင် KNU တပ်မဟာ(၁)သို့ခိုလှုံပြီး KRF အကြမ်းဖက်အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသူ အေးမင်းထွန်း (ရဲပြေး/ယခင်မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ လူယုံတော်)ဆိုသူ ဦးဆောင်ခဲ့ကြောင်း၊ ၎င်းနှင့်အတူ ရဲသွေးနီ (ယခင်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာခင်ဆောင်၏ ယာဉ်မောင်း)၊ NUG ကျားဖြူတပ်ခွဲ (၄)၊ သထုံခရိုင် အဖွဲ့၊ KNU တပ်မဟာ (၁)၊ တပ်ရင်း (၃) တပ်ရင်းမှူး ဒါးနယ်ထူးတို့အဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။

     အေးမင်းထွန်း(ရဲပြေး)သည် KNU တပ်မဟာ(၁)တွင် ခိုလှုံခဲ့ပြီးနောက်-

  • မွန်ပြည်နယ်၊ ယခင်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာခင်ဆောင် (တရားခံပြေး)၊ ဦးလှမြင့်သန်း (တရားခံပြေး)၊ ဒေါ်သီရိရတနာ (တရားခံပြေး)၊ လုပ်ငန်းရှင်များဖြစ်ကြသည့် ကျော်မျိုးမင်း (တရားခံပြေး)၊ အောင်ကျော်သူ (တရားခံပြေး)၊ ဦးခင်တိုး (တရားခံပြေး)တို့နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း။
  • ရဲသွေးနီ၊ KNU တပ်မဟာ(၁)၊ ရင်း(၃)ရင်းမှူး ဒါးနယ်ထူးတို့နှင့် ပူးပေါင်းကာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်ကလည်း ဘီးလင်းရဲစခန်းနယ်မြေတွင် DENKO ဆီဆိုင်မှ ဆီဘောက်ဆာယာဉ် ၁ စီးအား ပြန်ပေးဆွဲခဲ့သဖြင့် ဘီးလင်း မြို့မရဲစခန်း (ပ) ၁၂၇/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၃၆၅ အရ ဖမ်းဆီးရန် အလိုရှိနေသော တရားခံများဖြစ်ကြောင်း။
  • မျိုးလင်းထွဋ်(ခ)မှုံကြီး (ဖမ်းမိ)၊ စောထွန်းဝင်း(ဖမ်းမိ)တို့နှင့် ပူးပေါင်းကာ KRF (ကျိုက်ထိုတော်လှန်ရေးအဖွဲ့)အဖြစ် ဖွဲ့စည်းခဲ့ပြီး ကျိုက်ထိုမြို့တွင်းဖောက်ခွဲရေးလုပ်ငန်းစီစဉ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့လှုပ်ရှားမှုများ၊ အရေးကြီးပုဂ္ဂိုလ် ခရီးစဉ်များ သတင်းရယူလုပ်ကြံတိုက်ခိုက်ရေးစီမံခဲ့ခြင်းများကြောင့် ကျိုက်ထိုရဲစခန်း (ပ) ၂၁၂/၂၀၂၁၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၀(က)(ဈ)/၅၂ (ဃ)တို့အရ အလိုရှိနေသောတရားခံဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့။

     ၎င်းတရားခံများ အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများအနေဖြင့် လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁၁-၂၀၂၂)

  • သောင်းကျန်းသူများနှင့် PDF အကြမ်းဖက်သမားများက ကျိုက်ထီးရိုးဘုရားဖူး တောင်တက်ကားဂိတ်အား သေနတ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ရဲဝန်ထမ်း ၁ ဦး၊ အပြစ်မဲ့ပြည်သူ ၁၇ ဦးတို့ ဒဏ်ရာ ရခဲ့သောကြောင့် ကင်မွန်းချောင်း (နမစ) (ပ) ၂၆/၂၂၊ အကြမ်းဖက်ပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်စုံစမ်းခဲ့။
  • မျက်မြင်သက်သေ ၂၅ ဦး၏ ထွက်ဆိုချက်များ၊ အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းအထောက်အထားများ၊ အခြားခိုင်မာသည့် မှတ်တမ်းအထောက်အထားများအရ အကြမ်းဖက်သမားများသည် ဘုရားဖူး တောင်တက်ကားဝန်း အနောက်ဘက်မှနေရာယူ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဘုရားဖူးလှေကားတက်စင်သို့လည်းကောင်း၊ လုံခြုံရေးအဖွဲ့အခြေပြုအဆောင်သို့လည်းကောင်း ဦးတည်ပစ်ခတ်ခဲ့ကြောင်း အထောက်အထား ခိုင်မာစွာ စိစစ်တွေ့ရှိ။
  • လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများ နေရာယူထားသည့် မိုးမိုးကတွတ်ယိုဆိုင်ဘက်သို့ ထိမှန်ခဲ့ပြီး ဆိုင်အတွင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များပစ်ခတ်ခဲ့သည့် ကျည်ထိပ်ဖူးပုံပျက်အပိုင်းအစများ မြေပြင် အထောက်အထားအရ စိစစ်တွေ့ရှိရသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မှားယွင်းပစ်ခတ်ခဲ့မှု တစ်စုံတစ်ရာမရှိကြောင်း စိစစ်တွေ့ရှိ။

Add new comment