ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက် မင်္ဂလာအချိန်နံနက် ၀၆:၃၀ နာရီတွင်မွေးဖွားခဲ့သည့် ရတနာဆင်ဖြူတော်လေးအား ဘွဲ့နာမံတော်အမည်ပေး ကင်ပွန်းတပ်နှင့် အဆောင်တော်တက်မင်္ဂလာအခမ်းအနားကို အောက်တိုဘာလ ၃၀ ရက်တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်အရှေ့ဘက် ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ကောင်စီအတွင်းရေးမှူး နှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြပါသည်။
အနန္တရာယိကမင်္ဂလာ၊ အန္တရာယ်ကင်းမင်္ဂလာပြုလုပ်ရာ ရတနာဆင်ဖြူတော်လေးက ဥပ္ပါတသန္တိစေတီတော်မြတ်အား လက်ယာရစ်လှည့်လည်ပူဇော်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်တို့က ရတနာဆင်ဖြူတော်လေးကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြကာ စေတီတော်ဂေါပကအလှည့်ကျသဘာပတိက ရတနာဆင်ဖြူတော်လေးကို ပေါက်ပေါက်များဖြင့် ကြဲပက်ပေးပါသည်။
ယင်းနောက် ဂေဟပ္ပဝေသနမင်္ဂလာ၊ အဆောင်တော်တက်မင်္ဂလာကို ပြုလုပ်ရာ ရတနာဆင်ဖြူတော်လေးကို ဆင်ဖြူတော်အဆောက်အဦအတွင်း မင်္ဂလာနေရာသို့ တာဝန်ရှိသူများက ရွှေ့ပြောင်းပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့က ရတနာဆင်ဖြူတော်လေးကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြပြီး အာဟာရဘုဉ္ဇနမင်္ဂလာ၊ အစာအာဟာရကျွေးမွေးခြင်းမင်္ဂလာအဖြစ် ရတနာ ဆင်ဖြူတော်လေးကို အစာအဟာရများ ကျွေးမွေးကြပြီးနောက် ရဝိန္ဒုဒဿနမင်္ဂလာ၊ နေလပြမင်္ဂလာကို ဆက်လက်ပြုလုပ်ရာ ရတနာဆင်ဖြူတော်လေးက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား မျက်နှာမူ၍ ဖူးမြော်ပူဇော်နိုင်စေရေးအတွက် တာဝန်ရှိ ပုဂ္ဂိုလ်များက စီစဉ်ဆောင်ရွက်ပေးကြပြီး နာမကရဏမင်္ဂလာ၊ ဘွဲ့နာမံအမည်တော်ပေးမင်္ဂလာအဖြစ် အခမ်းအနားမှူးက ရတနာဆင်ဖြူတော်လေး၏ အမည်နာမံတော်အား ကြေညာခဲ့ပါသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့က ရတနာဆင်ဖြူတော်လေး၏ ဘွဲ့နာမံတော် ဖြစ်သည့် “ရဋ္ဌနန္ဒက” (ရဋ္ဌ = တိုင်းပြည်၊ နိုင်ငံ။ နန္ဒက = ချစ်ခင်မြတ်နိုးခြင်း၊ သာယာပျော်ရွှင်ခြင်း)(မြန်မာအဓိပ္ပါယ်အပြည့်အစုံမှာ - တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြောပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ) ဟု သုံးကြိမ်ခေါ်ဆိုကြပြီး တာဝန်ရှိပုဂ္ဂိုလ်များက ရတနာဆင်ဖြူတော်လေး၏ ဘွဲ့နာမံတော်ကို ဦးကင်းထက်တွင် ဆင်မြန်းအပ်နှင်းပေးခဲ့ကြပါသည်။
ယင်းနောက် ပဏ္ဏာကာရ ပရိသိဋ္ဌဒါနမင်္ဂလာ၊ ရတနာဆင်ဖြူတော်အား လက်ဆောင်၊ လက်ဖွဲ့ပေးအပ်ခြင်းမင်္ဂလာကိုပြုလုပ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ဆောင်လက်ဖွဲ့ပစ္စည်းများ ပေးအပ်ချီးမြှင့်ရာ ဆင်ထိန်းမှ ကိုယ်စားလက်ခံရယူခဲ့ပါသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီး နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် “ ရဋ္ဌနန္ဒက ” (တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြောပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ) ရတနာဆင်ဖြူတော်လေးနှင့် ရတနာဆင်ဖြူတော်ဆောင်အတွင်းရှိ ရတနာဆင်ဖြူတော်များနှင့် ရတနာဆင်ဖြူတော်အဖော်ဆင်များကို အစာအာဟာရများ ကျွေး မွေးခဲ့ကြပါသည်။
အဆိုပါ ဆင်ဖြူတော်ကလေးမှာ ယခုအသက် ၃ လ ၇ ရက်သားတွင် အရပ်အမြင့် ၂ ပေ ၁၀ လက်မ၊ ကိုယ်လုံးလုံးပတ် ၄ ပေ ၂ လက်မ၊ ကိုယ်အလေးချိန် ၂၆၅ ပေါင် ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ နေပြည်တော်သို့ အောက်တိုဘာလ ၂၇ ရက်တွင် ရောက်ရှိခဲ့ကာ ယခုအခါ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် ကျန်းမာပျော်ရွှင်စွာဖြင့် နေထိုင်လျက်ရှိကြောင်းနှင့် ယခုရတနာဆင်ဖြူတော်“ရဋ္ဌနန္ဒက”သည် ဒဿမမြောက် ဆင်ဖြူတော် ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၁၀-၂၀၂၂)
- ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက် နံနက် ၀၆:၃၀ နာရီတွင် မွေးဖွားခဲ့သည့် ရတနာဆင်ဖြူတော်လေးအား ဘွဲ့နာမံတော် အမည်ပေးကင်ပွန်းတပ်နှင့် အဆောင်တော်တက် မင်္ဂလာအခမ်းအနားကို နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်အရှေ့ဘက် ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့က ရတနာဆင်ဖြူတော်လေး၏ ဘွဲ့နာမံတော်ဖြစ်သည့် “ရဋ္ဌနန္ဒက” (တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြောပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ)ဟု သုံးကြိမ်ခေါ်ဆိုကြပြီး တာဝန်ရှိပုဂ္ဂိုလ်များက ရတနာဆင်ဖြူတော်လေး၏ ဘွဲ့နာမံတော်ကို ဦးကင်းထက်တွင် ဆင်မြန်းအပ်နှင်း ပေးခဲ့။
- အဆိုပါ ဆင်ဖြူတော်ကလေးမှာ ယခုအသက် ၃ လ ၇ ရက်သားတွင် အရပ်အမြင့် ၂ ပေ ၁၀ လက်မ၊ ကိုယ်လုံး လုံးပတ် ၄ ပေ ၂ လက်မ၊ ကိုယ်အလေးချိန် ၂၆၅ ပေါင်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ နေပြည်တော်သို့ အောက်တို ဘာလ ၂၇ ရက်တွင် ရောက်ရှိခဲ့ကာ ယခုအခါ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် ကျန်းမာပျော်ရွှင်စွာဖြင့် နေထိုင်လျက်ရှိ။
Add new comment