ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ တခွဲကြဲကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲအား အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက်မီးရှို့ဖျက်ဆီး

       အောက်တိုဘာလ ၂၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ တခွဲကြဲကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲအား အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက်ကာ မီးရှို့ဖျက်ဆီးခဲ့သဖြင့် အဆိုပါကျောင်းအတွင်းရှိ Grade-1၊ Grade-2၊ Grade-5 စာသင်ခန်း ၃ ခန်း၊ ကျောင်းအုပ်ကြီးရုံးခန်း ၁ ခန်းနှင့် အဆိုပါအခန်းများ အတွင်း ထားရှိသည့် သင်ထောက်ကူပစ္စည်းများဖြစ်သော စာရေးခုံ ၂၅ လုံး၊ ထိုင်ခုံ ၂၅ လုံး၊ ဘီရို ၃ လုံးနှင့် ရုံးသုံးစာရွက်စာတမ်းများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

      အကြမ်းဖက်သမားများအနေဖြင့် ကျောင်းသူ/ကျောင်းသားများ ပညာသင်ကြားရေးအတွက် အသုံးပြုနေသည့် ကျေးရွာစာသင်ကျောင်းများအား ယခုကဲ့သို့ မီးရှို့ဖျက်ဆီးခြင်းမိုင်းထောင်ဖောက်ခွဲခြင်း၊ drone ယာဉ်များအသုံးပြု၍ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည့် အတွက် ဒေသခံပြည်သူများနှင့် ကျောင်းသားမိဘများသည် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များအပေါ် ရွံ့ရှာစက်ဆုပ်မုန်းတီးလျက်ရှိပါသည်။

      ထိုသို့ကလေးသူငယ်များ၏  ပညာသင်ကြားမည့်အခွင့်အလမ်းဆုံးရှုံးစေရန် ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော် ထုတ် ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၁၀-၂၀၂၂)

  • အကြမ်းဖက်သမားများက ရေတာရှည်မြို့နယ်၊ တခွဲကြဲကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲအား မီးပုလင်းများဖြင့် ပစ်ပေါက်၍ မီးရှို့ဖျက်ဆီးခဲ့ရာ စာသင်ခန်းနှင့် သင်ထောက်ကူပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့။

 

Add new comment