CNN International သတင်းဌာနမှ မေးမြန်းမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြား

     မြန်မာ့တပ်မတော်အနေဖြင့် အောက်တိုဘာလ ၂၄ ရက်က ကချင်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲတစ်ခုကို တိုက်ခိုက်မှုအပေါ် ထုတ်ပြန်ချက်များ ထွက်ပေါ်လာခဲ့ကြောင်း၊ ၎င်းထုတ်ပြန်ချက်များတွင် လေကြောင်းကနေတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၀ ကျော် ထိခိုက်မှုများရှိပြီး အများအပြားသေဆုံးခဲ့ကြောင်း၊ ကုလသမဂ္ဂကလည်း လုံခြုံရေးတပ်ဖွဲ့အနေဖြင့် လက်နက်မဲ့ အရပ်သားများအပေါ် အင်အားအလွန်အကျွံ အသုံးပြုပြီး တိုက်ခိုက်တာဟာ လက်ခံနိုင်ဖွယ်ရာမရှိကြောင်းနှင့် တာဝန်ခံဖို့ တောင်းဆိုထားကြောင်း၊ ၎င်းထုတ်ပြန်ချက်များနှင့်ပတ်သက်ပြီး ဟောင်ကောင် အခြေစိုက် CNN International သတင်းဌာနမှ မေးမြန်းခဲ့မှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါသည်-

  • ပထမအချက်အနေဖြင့် ၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အောက်တိုဘာလ ၂၄ ရက်နေ့က နိုင်ငံပိုင်သတင်းမီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း။
  • ဒုတိယအချက်အနေဖြင့် ခင်ဗျားမေးတဲ့မေးခွန်းဟာ ဘယ်အချက်အလက်ကို ကိုးကားပြီး ပြောတာလဲ။ ဘယ်လောက်တရားဝင်ခိုင်မာသလဲဆိုတာ မေးလိုကြောင်း။
  • တတိယအချက်အနေဖြင့် ကောလာဟလသတင်းတွေမှာ ပြည်သူနဲ့အနုပညာရှင်များ သေဆုံးတယ်ဆိုတာ၊ သည်နေရာဟာ ဘယ်လိုနေရာလဲ။ အဲဒီအနုပညာရှင်တွေဟာ ဘယ်လိုပတ်သက်ပြီးရောက်ရှိလဲ။ တချို့ဓာတ်ပုံမှတ်တမ်းတွေဟာ KIA ဝတ်စုံတွေနဲ့ ပျံ့နှံ့နေပါတယ်။ အဲဒီတော့ သူတို့ကဘာလဲ။ အဲဒီနေရာမှာရောက်တဲ့ အနုပညာရှင် ဘယ်လောက်ရှိလို့လဲ။ နီးစပ်တဲ့အသိုင်းအဝိုင်းက အသက်ရှင်သန်ဆဲလို့ပြောနေတာ တွေရှိပါတယ်။ အတည်မပြုနိုင်သေးတာကို မေးတာလို့ ထင်မြင်ကြောင်း။
  • စတုတ္ထအချက်အနေဖြင့် KIA ပြောရေးဆိုခွင့်ရှိသူ ကိုယ်တိုင်ကပြောတယ်။ KIA ထိန်းချုပ်နယ်မြေလို့ သုံးနှုန်းပြောတယ်။ ဒါဆိုရင်ဒီနယ်မြေဟာ ဘယ်လိုသူတွေရှိနေမလဲ။ KIA တပ်ဖွဲ့ဝင်တွေနဲ့အတူ PDF တွေနဲ့ သူတို့နဲ့နီးစပ်သူတွေ ပဲရှိတယ်။ ဒါလည်း ကျွန်တော်တို့မှာ အထောက်အထားရှိပါတယ်။ ဒီနယ်မြေဟာ KIA ရဲ့အပြောအရ ထိန်းချုပ်နယ်မြေ၊ ကန့်သတ်နယ်မြေဖြစ်လို့ ဘယ်အရပ်သား ပြည်သူကမှလည်းသွားလို့မရဘူး။ သွားဖို့မလွယ်ဘူး။ ကံဆီးက သွားရင်တောင် ဘူဇာဒီးရွာပျက် ဥရုမြစ်ချောင်းအတိုင်း ချောင်းဖျားအတိုင်းသွားရတယ်။ ဒေသအခေါ် ဥရာခချောင်းဖျား။ ဒါကိုဖြတ်ပြီးမှသာ လက်ရှိနေရာကို ရောက်မှာ။ ခင်ဗျားတို့ ကောင်းကင်ဂြိုဟ်တုပုံတွေကြည့်ပါ။ သိနိုင်တယ်။ အဲဒီရဲ့အဆောက်အဦကိုကြည့်ပါ။ ဂွမ်မော်ပြောတဲ့ဈေးတန်း။ ဘာဈေးတန်းမှမရှိဘူး။ ဒေသခံတွေသည် ကံဆီးဈေးမှာဝယ်တယ်။ အောင်ဘာလေ(တန်ဂွမ်း) ဈေးမှာဝယ်တယ်။ အဲဒီမှာ ဘာဈေးတန်းမှမရှိဘူး။ ဒါဆိုရင် KIA ပြောခွင့်ရသူနဲ့ ဂွမ်မော်ရဲ့ပြောဆိုမှုတွေ အရင်ညှိနှိုင်းဖို့လိုပါလိမ့်မယ်။ ဘယ်ခရီးသွားမှမရှိဘူး။ ဘူဇာဒီးရွာကျော်ပြီး ဘယ်ဒေသခံကမှမသွားဘူး။ သွားတဲ့သူတွေကဘယ်သူတွေလဲ ခင်ဗျားစဉ်းစားကြည့်ပါ။
  • ပဉ္စမအချက်အနေဖြင့် ထုတ်ပြန်ထားမှုတွေအရ KIA ရဲ့ တပ်မဟာမှူးအဆင့်ရှိသူ၊ တပ်ရင်းမှူးအဆင့်ရှိသူတွေအပါအဝင် PDF တွေ၊ NLD ရဲ့ အဖွဲ့တွေပဲပါတယ်။ အဆင့်တွေ၊ အမည်တွေ၊ ရာထူး‌တွေအဖွဲ့အစည်းတွေရဲ့ အထောက်အထား ရှိပါတယ်။ အရပ်သားအမည်စာရင်းတောင်မပါဘူး။ ထူးခြားတာက NLD ပါတီဝင်အမည်အချို့၊ PDF အမည် အချို့တွေ့ရတော့အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့အဖွဲ့တွေနဲ့ ဆက်စပ်မှုရှိတယ်။ အကြမ်းဖက်လုပ်ငန်းတွေကို ပူးတွဲလုပ် ဆောင်နေတာဟာထင်ရှားပါတယ်။
  • နောက်တစ်ချက်ကတော့ စစ်ကိုင်းတိုင်းမှာဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေနောက်ကွယ်က ဘယ်သူတွေပါသလဲ။ ခင်ဗျားတို့ ကြည့်ရင်သိပါမယ်။ KIA ဟာ စစ်ကိုင်းတိုင်းအတွင်းက PDF တွေကို လေ့ကျင့်ပေးရုံတင်မကဘူး၊ လက်နက်နဲ့ ခဲယမ်းတွေ၊ မိုင်းတွေကိုပါ ထောက်ပံ့ပါတယ်။ ဖမ်းဆီးရမိ၊ သိမ်းဆည်းရမိ လက်နက်တွေကိုကြည့်ရင် KIA ထုတ်လက်နက်တွေက အများဆုံးပါပဲ။ မန္တလေးတိုင်းဒေသဘက်ကမိတဲ့ လက်နက်တွေလည်း KIA ထုတ်တွေချည်းပဲ ဖြစ်ပါတယ်။ နောက်ကွယ်က KIA ရဲ့ အရာရှိတွေရဲ့ ပါဝင်ပတ်သက်မှုတွေဟာ များစွာရှိကြောင်း အချက်အလက်တွေရှိပါတယ်။ ဒါ့ကြောင့် တပ်မတော်အနေဖြင့် လိုအပ်တဲ့စစ်ဆင်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကဆိုရင် အဲ့ဒီအဖွဲ့တွေပဲ ကျွန်တော်တို့ရဲ့ နယ်မြေထိန်းစခန်းတွေဖြစ်တဲ့ အောင်ဘာလေရွာအနီးက စခန်းတွေကို ဝင်တိုက်တာတွေရှိပါတယ်။ လက်ရှိ Online ဓာတ်ပုံအထောက်အထားတွေ ကြည့်ပါ။ ယူနီဖောင်းနဲ့ သေဆုံး၊ ဒဏ်ရာရပုံ တွေ တက်လာတာရှိတဲ့အတွက် အရပ်သားဆိုတာမရှိပါဘူး။ အရပ်သားနေထိုင်ရာ နေရာမဟုတ်ဘူးလို့ ပြောချင်ပါတယ်။
  • နောက်ဆုံးဆက်စပ်ပြောချင်တာက တပ်မတော်ဟာ လက်နက်မဲ့အရပ်သားတွေအပေါ် တိုက်ခိုက်တာမရှိဘူးလို့ပြောချင်တယ်။ အောက်တိုဘာလ ၁၂ ရက်နေ့က မုံရွာ-ကျောလမ်းကြောင်းပေါ်က ကန်ဒေါင့်ကျေးရွာအနီးမှာ ပြည်သူ ၁၅ ဦး ခရီးသွားစဉ် PDF က ဖမ်းဆီးခေါ်ဆောင်သွားတာရှိပါတယ်။ ဒီသတင်းနဲ့ဆက်စပ်ပြီး အောက်တိုဘာလ ၁၉၊ ၂၀ မှာ ကွန်မန်ဒိုတပ်ဖွဲ့တွေနဲ့ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်နဲ့ ရွှေလှန်ကျေးရွာတစ်ဝိုက်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း လုပ်တယ်။ အဲဒီ KIA/PDF တွေနဲ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်တာရှိပါတယ်။ နောက်ဆုံး ကျွန်တော်တို့ အဲဒီအဖွဲ့တွေ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေအပါအဝင် နိုင်ငံ့ဝန်ထမ်းတွေ၊ ကျေးရွာသူ၊ ကျေးရွာသား ၂၆ ဦးကို ကယ်တင်နိုင်ခဲ့တယ်။ အချို့အဲဒီမှာ ၂ နှစ်အရွယ်နဲ့ ၁၂ နှစ် အရွယ်ကလေးတွေပါတယ်။ အချို့ဆိုရင် ၇ လကနေ ၁ နှစ်နီးပါး  ချုပ်နှောင်ခံထားရတာ ရှိပါတယ်။ ဒါကအနီးကပ်ဆုံးအဖြေပါ။ တပ်မတော်သည် အရပ်သားတွေကို တိုက်ခိုက်တာမရှိဘူး။ အကြမ်းဖက်သမားတွေဖမ်းဆီးမှုကနေ ပြည်သူတွေကို ကယ်ထုတ်တာပဲရှိပါတယ်။

       တပ်မတော်ဟာလက်နက်မဲ့အရပ်သားကို တိုက်ခိုက်တာမရှိဘူး။ ယင်းမာပင်ဖြစ်စဉ်ကို ကြည့်ပါ။ ပြည်သူကို ကယ်တင်တာပဲရှိတယ်။ ကချင်ပြည်နယ်၊ ဖားကန့်ဒေသဖြစ်စဉ်ဟာ KIA တပ်မဟာ(၉)က ထိန်းချုပ်ထားတယ်လို့ သူတို့ကိုယ်တိုင် ပြောထားတဲ့ နယ်မြေဖြစ်တယ်။ အချက်အလက်တွေအရ KIA ရဲ့ PDF အကြမ်းဖက်ဝင်တွေနဲ့ ဆက်နွှယ်သူတွေသာရှိတယ်။ ဒါကို တပ်မတော်အနေနဲ့ စစ်ဆင်ရေးလုပ်တာဖြစ်တယ်။ နှစ်ပတ်လည်အခမ်းအနားဆိုတာလည်း ကျွန်တော်တို့မသိဘူး။ ရန်သူတွေရဲ့ ခိုအောင်းတည်ရှိနေရာ၊ အကြမ်းဖက်သမားတွေ စုစည်းရာနေရာဖြစ်လို့သာဖြစ်တယ်။ ဒါ့ကြောင့်စစ်ရေးလိုအပ်ချက်အရ စစ်ဆင်ရေးဆောင်ရွက်ခြင်းသာဖြစ်တယ်။ တပ်မတော်ဟာ ဖြစ်တည်မှုသမိုင်းစဉ်ကနေ လက်ရှိအခြေအနေအထိ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်တာမရှိကြောင်းနဲ့ မမှန်သတင်းဖြန့်မှုအပေါ် ဖြေရှင်းစရာမရှိဘူးလို့‌ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၁၀-၂၀၂၂)

  • KIA၏အပြောအရ ၎င်းနယ်မြေဟာ ထိန်းချုပ်နယ်မြေ၊ ကန့်သတ်နယ်မြေဖြစ်လို့ ဘယ်အရပ်သားပြည်သူကမှလည်း သွားလို့မရသလို့ သွားဖို့မလွယ်ဘူး၊ အချက်အလက်တွေအရ KIA ရဲ့ PDF အကြမ်းဖက်ဝင်တွေနဲ့ ဆက်နွှယ်သူတွေ သာရှိတယ်။ ရန်သူတွေရဲ့ ခိုအောင်းတည်ရှိနေရာ၊ အကြမ်းဖက်သမားတွေ စုစည်းရာနေရာဖြစ်လို့ စစ်ရေးလိုအပ်ချက်အရ စစ်ဆင်ရေးဆောင်ရွက်ခြင်းသာဖြစ်ပါတယ်။
  • KIA ဟာ စစ်ကိုင်းတိုင်းအတွင်းက PDF တွေကို လေ့ကျင့်ပေးရုံတင်မကဘူး၊ လက်နက်နဲ့ခဲယမ်းတွေ၊ မိုင်းတွေကိုပါ ထောက်ပံ့ပါတယ်။ ဖမ်းဆီးရမိ၊ သိမ်းဆည်းရမိ လက်နက်တွေကိုကြည့်ရင် KIA ထုတ်လက်နက်တွေက အများဆုံးပါပဲ။ မန္တလေးတိုင်းဒေသဘက်ကမိတဲ့ လက်နက်တွေလည်း KIA ထုတ်တွေချည်းပဲဖြစ်ပါတယ်။ နောက်ကွယ်က KIA ရဲ့ အရာရှိတွေရဲ့ ပါဝင်ပတ်သက်မှုတွေဟာများစွာရှိကြောင်း အချက်အလက်တွေရှိပါတယ်။
  • ကောလာဟလသတင်းတွေမှာ ပြည်သူနဲ့အနုပညာရှင်များ သေဆုံးတယ်ဆိုတာ၊ အဲ့ဒီနေရာဟာ ဘယ်လိုနေရာလဲ။ အဲ့ဒီအနုပညာရှင်တွေဟာ ဘယ်လိုပတ်သက်ပြီး ရောက်နေရှိလဲ။ တချို့ဓာတ်ပုံမှတ်တမ်းတွေဟာ KIA ဝတ်စုံတွေနဲ့ ပျံ့နှံ့နေပါတယ်။
  • တပ်မတော်ဟာ လက်နက်မဲ့အရပ်သားတွေအပေါ် တိုက်ခိုက်တာမရှိဘူး၊ ပြည်သူတွေကို ကယ်ထုတ်တာပဲရှိတယ်၊ အောက်တိုဘာလ ၁၂ ရက်နေ့က မုံရွာ-ကျောလမ်းကြောင်းပေါ်က ကန်ဒေါင့်ကျေးရွာအနီးမှာ ပြည်သူ ၁၅ ဦး ခရီးသွားစဉ် PDF က ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် တပ်မတော်မှ ကွန်မန်ဒိုတပ်ဖွဲ့တွေနဲ့ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်နဲ့ ရွှေလှန်ကျေးရွာတစ်ဝိုက်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းလုပ်ခဲ့ပြီး အဲဒီအဖွဲ့တွေ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေအပါအဝင် နိုင်ငံ့ဝန်ထမ်းတွေ၊ ကျေးရွာသူ၊ ကျေးရွာသား ၂၆ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။

Add new comment