PDF အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံရသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကောင်းမွန်စွာပြန်လည်ကယ်တင်နိုင်

           NUG၊ CRPH တို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများ၏ မတရားအနိုင်ကျင့် ဖမ်းဆီးချုပ်နှောင်ထားသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့ရွာများမှ အမျိုးသမီးနှင့်ကလေးငယ်များအပါအဝင် နိုင်ငံ့ဝန်ထမ်းများ၊ ကျေးရွာသူ/သားများ စုစုပေါင်း ၂၆ ဦးတို့အား အောက်တိုဘာလ ၂၅ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပုလဲမြို့နယ်၊ ဖလံပင်ကျေးရွာ၊ မြောက်ယမားဆည်အနီးရှိ PDF အကြမ်းဖက်သမားများ၏ စခန်းအတွင်းမှ ကောင်းမွန်စွာ ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

       ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၂ ရက်တွင် ဂန့်ဂေါမြို့နယ်ရှိ နယ်မြေခံတပ်ရင်းမှ အရာရှိတစ်ဦး၏ ဇနီးသည် မုံရွာမှကျောမြို့သို့ လိုက်ပါလာစဉ် PDF အကြမ်းဖက်အဖွဲ့များက ကန်ဒေါင့်ကျေးရွာအနီး၌ ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ကွန်မန်ဒိုတပ်ဖွဲ့ဖြင့် ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်နှင့် ရွှေလှန်ကျေးရွာတစ်ဝိုက်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင် KIA၊ PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲဖြစ်ပွားရာတွင် ၎င်းတို့အခြေပြုစခန်းအပါအဝင် အလောင်းနှင့် လက်နက်ခဲယမ်းအချို့သာ သိမ်းဆည်းရရှိခဲ့ပြီး ဖမ်းဆီးခံရသူများအား ရှာဖွေမတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

      ထို့ကြောင့် ဖမ်းဆီးခံရသူများအား ပြန်လည်ကယ်တင်နိုင်ရေးအတွက် နယ်မြေအတွင်းရှိ မိမိတို့၏အမာခံသတင်းပေးများဖြင့် ဆက်လက်စုံစမ်းဖော်ထုတ်ခဲ့ရာ ဖမ်းဆီးခံရသူများကိုချုပ်နှောင်ထားသည့် အကြမ်းဖက်သမားများ၏ စခန်းတည်နေရာအား ဖော်ထုတ် သိရှိခဲ့ရပါသည်။ အဆိုပါနေရာအား သက်ဆိုင်ရာတာဝန်ရှိသူများက ကွန်မန်ဒိုတပ်ဖွဲ့ဖြင့် ဝင်ရောက်စီးနင်းကယ်တင်စေခဲ့ရာ စခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည့် အရာရှိဇနီးအပါအဝင် အပြစ်မဲ့အမျိုးသမီး ၇ ဦး၊ ကလေးငယ် ၄ ဦးနှင့် အမျိုးသား ၁၅ ဦးတို့အား အောက်တိုဘာလ ၂၅ ရက်တွင် အန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့ပါသည်။

       ပြန်လည်ကယ်တင်နိုင်ခဲ့သူများမှာ ခရီးသွားနေစဉ် ဖမ်းဆီးခံရသည့် အပြစ်မဲ့ ပြည်သူများ၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း PDF အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သော ဇီးဖြူကုန်းကျေးရွာမှ ရွာသူ/သားများ၊ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးတို့ဖြစ်ပါသည်။ ၎င်းတို့အနက် အချို့မှာ ၇ လမှ တစ်နှစ်နီးပါးခန့်အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူများဖြစ်ပါသည်။

    ထိုသို့ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာတွင် ကွန်မန်ဒိုတပ်ဖွဲ့နှင့် KIA၊ PDF ပူးပေါင်းအကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားအလောင်းအချို့၊ လက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါသည်။ ၎င်းအကြမ်းဖက်သမားများသည် ဆုတ်ခွာထွက်ပြေးစဉ် ဖမ်းဆီးခံရသူများထားရှိရာ အဆောက်အဦအား ဖောက်ခွဲဖျက်ဆီးခဲ့သောကြောင့် ဖမ်းဆီးခံရသူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ အပြစ်မဲ့အမျိုးသမီးများနှင့် ကလေးသူငယ်များကို အတင်းအဓမ္မချုပ်နှောင်ဖမ်းဆီးခြင်း၊ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကို အကြပ်ကိုင်၊ ခြိမ်းခြောက်၊ ချုပ်နှောင်ခြင်းများသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ် ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး အဆိုပါစစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ်ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အများပြည်သူများအနေဖြင့် အကြမ်းဖက်အဖွဲ့၏ လုပ်ရှားမှုသတင်းများရရှိပါကလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးနိုင်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၁၀-၂၀၂၂)

  • အောက်တိုဘာလ ၂၅ ရက်တွင် ကွန်မန်ဒိုတပ်ဖွဲ့မှ PDF အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံထားရသည့် အပြစ်မဲ့အမျိုးသမီး ၇ ဦး၊ ကလေးငယ် ၄ ဦးနှင့် အမျိုးသား ၁၅ ဦးတို့အား အန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့။
  • ပြန်လည်ကယ်တင်နိုင်ခဲ့သူများမှာ ခရီးသွားနေစဉ် ဖမ်းဆီးခံရသည့် အပြစ်မဲ့ပြည်သူများ၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း PDF အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သော ဇီးဖြူကုန်းကျေးရွာမှ ရွာသူ/သားများ၊ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးတို့ဖြစ်။
  • အကြမ်းဖက်သမားများသည် ဆုတ်ခွာထွက်ပြေးစဉ် ဖမ်းဆီးခံရသူများထားရှိရာ အဆောက်အဦအား ဖောက်ခွဲဖျက်ဆီးခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့။
  • အပြစ်မဲ့အမျိုးသမီးများနှင့် ကလေးသူငယ်များကို အတင်းအဓမ္မချုပ်နှောင်ဖမ်းဆီးခြင်း၊ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကို အကြပ်ကိုင်၊ ခြိမ်းခြောက်၊ ချုပ်နှောင်ခြင်းများသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်။

Add new comment