စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် အောက်တိုဘာလ ၂၄ ရက်တွင် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဌာန/လုပ်ငန်းများမှ တာဝန်ရှိသူများနှင့်အတူ မကွေးတိုင်းဒေသကြီး ချောက်/လမ်းရွာရေနံမြေရှိ တွင်းအမှတ် CDT-15 အောင်မြင်စွာ တူးဖော်ထုတ်လုပ်နေမှုအခြေအနေများကို သွားရောက်စစ်ဆေးခဲ့ပါသည်။
ရေနံမြေယာယီရှင်းလင်းဆောင်၌ ချောက်/လမ်းရွာရေနံမြေအထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများက ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်နေမှုအခြေအနေများ၊ တွင်းအမှတ် CDT-15 တူးဖော်ရာ၌ တွေ့ကြုံခဲ့ရသည့် မြေအောက်အခက်အခဲများကို ကျော်လွှား ဆောင်ရွက်ခဲ့ပြီး အောင်မြင်အောင် တူးဖော်နိုင်ခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နောင်တူးဖော်မည့်တွင်းများကိုလည်း ယခုကဲ့သို့မြေအောက်အခက်အခဲများကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားစေလိုကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခြင်းသည် နိုင်ငံတော်အတွက် အကျိုးကျေးဇူးများစွာရရှိပြီး ထုတ်လုပ်ရရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့များကိုလည်း အကျိုးရှိစွာ အသုံးပြုနိုင်ရေး စနစ်တကျစီမံဆောင်ရွက်ကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါ တွင်းအမှတ် CDT-15 ကို ဇွန်လ ၃၀ ရက်က စတင်တူးဖော်ခဲ့ရာ စက်တင်ဘာလ ၁၉ ရက်တွင် ရည်မှန်းအနက်ပေ ၇,၉၂၀ သို့ရောက်ရှိခဲ့ပြီး တစ်ရက်လျှင် ရေနံစိမ်း ၁၁ စည်ခန့်နှင့် သဘာဝဓာတ်ငွေ့ ၀ ဒသမ ၅ သန်းခန့် ထုတ်လုပ်လျက်ရှိပါသည်။
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ချောက်/လမ်းရွာရေနံမြေတွင်းအမှတ် CDT-13၊ CDT-14 နှင့် CDT-15 တို့ကို တူးဖော်နိုင်ခဲ့သကဲ့သို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီနှင့် ပူးပေါင်း၍ တွင်းပေါင်း ၁၄ တွင်းတူးဖော်နိုင်ခဲ့ရာ တစ်ရက်လျှင် ရေနံစိမ်း ၈၁၁ စည်နှင့် သဘာဝဓာတ်ငွေ့ ၁ ဒသမ ၈,၇၁၂ သန်းခန့် တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရ ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၁၀-၂၀၂၂)
|
Add new comment