၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆက်လက်ကျင်းပ

     အောက်တိုဘာလ ၁၉ ရက်မှ စတင်၍ ၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက်၌ ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုခဲ့ကြပါသည်။

       အောက်တိုဘာလ ၂၀ ရက်မှ ၂၃ ရက်နေ့အထိ ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ အတွဲပေါင်း ၃၆၂ တွဲ၊ ကျောက်မျက်အတွဲ ၁၂၀ အနက်မှ အတွဲပေါင်း ၅၅ တွဲနှင့် ကျောက်စိမ်းအတွဲ ၇၅၀ အနက်မှ အတွဲပေါင်း ၆၅၅ တွဲ ရောင်းချခဲ့ရပြီး ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကိုလည်း အောက်တိုဘာ ၂၄ ရက်မှ ၂၅ ရက် အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပါသည်။

       ထိုသို့ရောင်းချရာ၌ ကျောက်စိမ်းအတွဲများအတွက်ကြမ်းခင်းဈေးကို ယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာကုန်သည်များအား အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များအား ကျပ်ငွေဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိပါသည်။

       ကျောက်မျက်ရတနာပြပွဲသို့ တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ရှိ ကျောက်မျက်ရတနာကုမ္ပဏီ ၁၀၉ ခုမှ ရတနာကုန်သည် ၂၇၀ ကျော်နှင့် ပြည်တွင်းကျောက်မျက်ကုမ္ပဏီ ၄၁၁ ခုမှ နိုင်ငံသားရတနာကုန်သည် ၂,၇၅၀ ကျော် ပြည်တွင်းပြည်ပ စုစုပေါင်း ရတနာကုန်သည် ၃,၀၂၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁၀-၂၀၂၂)

  • အောက်တိုဘာလ ၂၀ ရက်မှ ၂၃ ရက်အထိပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ အတွဲပေါင်း ၃၆၂ တွဲ၊ ကျောက်မျက်အတွဲ ၁၂၀ အနက်မှ အတွဲပေါင်း ၅၅ တွဲနှင့် ကျောက်စိမ်းအတွဲ ၇၅၀ အနက်မှ အတွဲပေါင်း ၆၅၅ တွဲ ရောင်းချခဲ့။
  • ကျောက်မျက်ရတနာပြပွဲသို့ တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ရှိ ကျောက်မျက် ရတနာကုမ္ပဏီ ၁၀၉ ခုမှ ရတနာကုန်သည် ၂၇၀ ကျော်နှင့် ပြည်တွင်း ကျောက်မျက် ကုမ္ပဏီ ၄၁၁ ခုမှ နိုင်ငံသားရတနာကုန်သည် ၂,၇၅၀ ကျော် ပြည်တွင်းပြည်ပမှ စုစုပေါင်းရတနာကုန်သည် ၃,၀၂၀ ကျော် တက်ရောက်ခဲ့။

Add new comment