KNU/KNLA တပ်မဟာ(၆)လက်အောက်ခံတပ်ရင်းများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး လူနေရပ်ကွက်အတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်

     KNU/KNLA တပ်မဟာ(၆) လက်အောက်ခံ တပ်ရင်းများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားများသည် အောက်တိုဘာလ ၂၁ ရက် နံနက် ၇ နာရီခန့်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် အဝေးမှ စတင်ပစ်ခတ်ခဲ့ပြီး ကော့ကရိတ်မြောက်ဘက်ရှိ ခင်နိမ်းမူအိမ်ရာဂိတ်(၃)၊ အဘောဘုရားကုန်း၊ ကြောင်လျှာကုန်း၊ ဝန်ထမ်းအိမ်ရာများ၊ မြို့နယ်လမ်းမကြီးရှိ လမ်းလုံခြုံရေးနေရာများသို့ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းတွင် အင်အားသုံး၍ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ ကြိုတင်စုဖွဲ့အသင့်ဖြစ်မှုတို့ကြောင့်လည်းကောင်း၊ တာဝန်သိပြည်သူများက တိုက်ပွဲအတွင်းမှ သောင်းကျန်းသူနေရာများအား သတင်းပေးပို့မှုကြောင့်လည်းကောင်း အကြမ်းဖက် သမားများ၏ ဝင်ရောက်တိုက်ခိုက်မှုကို ဝန်ထမ်းအိမ်ရာတစ်ဝိုက်မှလွဲ၍ ထိရောက်စွာတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သဖြင့် သောင်းကျန်းသူများ အထိနာ၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။

     ဝန်ထမ်းရပ်ကွက်အတွင်း ရောက်ရှိလာသော သောင်းကျန်းသူများမှာ အရပ်သားပြည်သူများ နေထိုင်နေသည့် လူနေအိမ်များအတွင်းမှ အရပ်သားပြည်သူများနှင့် အဆောက်အဦများကို အကာကွယ်ရယူကာ လူသားတံတိုင်းအဖြစ် အသုံးချတိုက်ခိုက် လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အများပြည်သူနှင့် လူနေအဆောက်အဦများကို ထိခိုက်မှုမရှိစေရေး ထိန်းထိန်းသိမ်းသိမ်း အကန့်အသတ်ဖြင့်တိုက်ခိုက်ရခြင်း၊ ဝိုင်းပတ်ချေမှုန်းနိုင်ရေးဆောင်ရွက်ခဲ့ရခြင်းတို့ကြောင့် ညနေ ၃ နာရီခန့်မှသာ သောင်းကျန်းသူများ ဝန်ထမ်းရပ်ကွက်အတွင်းမှ ကစဉ့်ကလျားဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။ ကော့ကရိတ်မြို့၏ မြောက်ဘက်နှင့်အရှေ့ဘက်သို့ ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးလျက်ရှိသော အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော် စစ်ကြောင်းများက လေကြောင်း၊ အမြောက်နှင့် သံချပ်ကာယာဉ်များ၏ ပစ်ကူရယူ၍ ထပ်ကြပ်လိုက်လံချေမှုန်းလျက်ရှိပါသည်။

     အကြမ်းဖက်များ၏လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် လူနေရပ်ကွက်အတွင်းရှိ နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ရပြီး အပြစ်မဲ့ ပြည်သူအမျိုးသား ၂ ဦး၊အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသဖြင့် ဒဏ်ရာရရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကာ အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အသက်အန္တရာယ်များ ကာကွယ်စောင့်ရှောက် ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

     KNU/KNLA တပ်မဟာ (၆) လက်အောက်ခံတပ်ရင်းများ၊ KKO ခွဲထွက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားပူးပေါင်းအဖွဲ့များအနေဖြင့် မြို့ရွာလုံခြုံရေးတပ်ဖွဲ့များကို အလစ်ငိုက်တိုက်ခိုက်ခဲ့သော်လည်း မြို့နေလူထု၏ အသေးစိတ်အချိန်မီ သတင်းပေးပို့ချက်အရ လိုအပ်သော အမြောက်၊ လေကြောင်းနှင့် သံချပ်ကာပစ်ကူများကို တိကျထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း၊ လုံခြုံရေးအဖွဲ့များ၏ ရွပ်ရွပ်ချွံချွံဖြင့် တုံ့ပြန်တိုက်ခိုက်နိုင်ခြင်းတို့ကြောင့် ၎င်းတို့၏အကြံအစည် မအောင်မြင်ဘဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ရပြီး ကော့ကရိတ်မြို့အား ရန်သူ့လက်သို့ကျရောက်မည့်အန္တရာယ်နှင့် မြို့အား ရန်သူ၏ မီးလောင်တိုက်သွင်းမည့်အန္တရာယ်မှ တားဆီးကာကွယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၁၀-၂၀၂၂)

  • KNU/KNLA တပ်မဟာ(၆) လက်အောက်ခံ တပ်ရင်းများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး လူနေရပ်ကွက်အတွင်း ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိရောက်စွာတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သဖြင့် သောင်းကျန်းသူများ အထိနာ၍ ဆုတ်ခွာထွက်ပြေးသွားခဲ့။
  • အကြမ်းဖက်များ၏လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် လူနေရပ်ကွက်အတွင်းရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပြီး အပြစ်မဲ့ ပြည်သူအမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။

Add new comment