နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၂၂ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား နေပြည်တော်ကောင်စီရုံးဝင်းရှိ ဇမ္ဗူသီရိခန်းမ၌တွေ့ဆုံ၍ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ပါသည်။
နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ နှင့် MSME ကုန်ထုတ်လုပ်ငန်းရှင်များက-
- MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများအတွက် အသိပညာ၊ အတတ်ပညာနှင့် နည်းပညာများရရှိရေး၊ ဥပဒေအရ အကာအကွယ်ရရှိရေးနှင့် အရင်းအနှီးများရရှိစေရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိမှုများ။
- နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအသင်းအတွက် မြေနေရာနှင့် အဆောက်အဦလိုအပ်လျက်ရှိမှုများ။
- မျှစ်ခြောက်နှင့် ရဲယိုထွက်တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ပြည်ပနိုင်ငံသို့ တင်ပို့လျက်ရှိမှုနှင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်မှကူညီမှုများ၊ လိုအပ်လျက်ရှိမှု အခြေအနေများ။
- MSME လုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များဈေးကွက်သို့ ဖြန့်ဖြူးရာတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိမှု၊ ကုန်ကြမ်းဈေးနှုန်းများမြင့်တက်မှုနှင့် သယ်ယူပို့ဆောင်မှုစရိတ်များ မြင့်တက်လာမှုကြောင့် ကုန်ထုတ်လုပ်မှုများတွင် အခက်အခဲများဖြစ် ပေါ်လျက်ရှိသည့်အခြေအနေများ။
- တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့် စက်ပစ္စည်း များကို အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုမှုနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေနေရာ၊ ရင်းနှီးမတည်ငွေ၊ နည်းပညာနှင့် စက်ယန္တရားများနှင့် လူသားအရင်းအမြစ်များ လိုအပ်လျက်ရှိမှုများ။
- နေပြည်တော်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဖွဲ့စည်းခွင့်နှင့် ရုံးအဆောက်ဦဆောက်လုပ်ရန် မြေနေရာလိုအပ်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် စက်ကိရိယာများ လိုအပ်လျက်ရှိမှု အခြေအနေများကို အသီးသီးတင်ပြခဲ့။
လုပ်ငန်းရှင်များ၏ တစ်ဦးချင်းရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လိုအပ်သည့်နည်းပညာနှင့် အခြားအခက်အခဲများကို ဖြည့်ဆည်းပေးလျက်ရှိမှု၊ မြန်မာ့ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပကုန်စည်ပြပွဲများ၌ ပြသနိုင်ရေး၊ ကုန်ကြမ်းရရှိရေးနှင့် ဈေးကွက်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေစသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးပြန်လည်ဆွေးနွေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက MSME လုပ်ငန်းများအပါအဝင် အခြားကဏ္ဍများအလိုက် ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးထားမှု ပြန်လည်ပေးဆပ်မှုနှင့် ပေးဆပ်ရန်ကျန်ရှိသည့် အခြေအနေများ၊ ဆက်လက်ထုတ်ချေးပေးရန်အတွက် စည်းမျဉ်းစည်းကမ်းဥပဒေများနှင့်အညီ ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-
- မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းမှုမှာ အချက်အလက်များအရ ၂၀၁၈/၂၀၁၉ ခုနှစ်ခန့်မှ စတင်၍ စီးပွားရေးကျဆင်းမှုများစတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း။
- ပထမဒီမိုကရေစီအစိုးရနှင့် ဒုတိယဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံကျော်ခန့် ကုန်သွယ်မှုလိုငွေများပြခဲ့ပြီး အဆိုပါလိုငွေများကို ပြည်ပချေးငွေများ၊ ထောက်ပံ့ငွေများ၊ အခြားရငွေများဖြင့်ဖြေရှင်း ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရကြောင်း။
- မိမိတို့အနေဖြင့်တာဝန်ယူဆောင်ရွက်နေချိန်ကာလအတွင်း ယခင်ကာလများက ရှိခဲ့သည့် ပြည်ပကြွေးမြီများနည်းပါးအောင် တတ်နိုင်သမျှ ပြန်လည်ပေးဆပ်လျက်ရှိကြောင်း။
- ထိုကဲ့သို့သော ပြည်ပချေးငွေများရယူ၍ နိုင်ငံစီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်မှုများ မရှိခြင်းကြောင့် အချို့နိုင်ငံများအနေဖြင့်လည်း စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း။
- မိမိတို့နိုင်ငံအတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် မြေပေါ်မြေအောက်သယံဇာတပစ္စည်းများကို ထုတ်ကုန်များအဖြစ်ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိမည်ဖြစ်ကြောင်း။
- မြေပေါ်မြေအောက်သယံဇာတများကို ထုတ်ယူရောင်းချရာတွင် အချို့သောနေရာများ၌ တရားမဝင်ရောင်းဝယ်မှုများကြောင့် နိုင်ငံတော်အတွက် များစွာထိခိုက်နစ်နာစေကြောင်း။
- သဘာဝပစ္စည်းများကို ထုတ်ယူရောင်းချမှုမှာ နောင်တစ်ချိန်တွင် အခက်အခဲများ ဖြစ်ပေါ်စေနိုင်ကြောင်း။
- စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် မိမိတို့နိုင်ငံ၏ စီးပွားရေးအတွက် အခြေခံအကျဆုံးစီးပွားရေးလုပ်ငန်းဖြစ်သဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများထုတ်လုပ်နိုင်ရေး အလေးထားအားပေးဆောင်ရွက် နေခြင်းဖြစ်ကြောင်း။
- နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်၍ ရန်ကုန်မြို့သည် စီးပွားရေးမြို့တော်နှင့် မြို့တော်ဟောင်းအဖြစ်ပြောနိုင်ပြီး နေပြည်တော်ကို စတင်ဖွင့်လှစ်ခဲ့သည်မှာ ၁၆ နှစ်ခန့်ရှိပြီဖြစ်ကာ မြို့တော်အား စတင်အကောင်အထည်ဖော် တည်ဆောက်ချိန်တွင် အခက်အခဲများရှိခဲ့ကြောင်း။
- စတင်တည်ဆောက်ချိန်မှစ၍ အနာဂတ်ကာလတွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး စိုက်ပျိုးမွေးမြူရေးဇုန်များ၊ စက်မှုဇုန်နေရာများ သတ်မှတ်ဆောင်ရွက်ပေးခဲ့ကြောင်း။
- အချို့မြို့များရှိ စက်မှုဇုန်များနှင့် စိုက်ပျိုးမွေးမြူရေးဇုန်များတွင် သတ်မှတ်ထားသော စည်းကမ်းများနှင့်မကိုက်ညီသည့် လူနေအိမ်များ တည်ဆောက်ထားသည်ကို တွေ့ရှိရကြောင်း။
- မိမိတို့အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
- နေပြည်တော်ကောင်စီနယ်မြေသည် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို စိုက်ပျိုးပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်သည့် ဒေသတစ်ခုဖြစ်ကြောင်း။
- MSME အသင်းနှင့် နေပြည်တော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအတွက် ရုံးအဆောက်အဦမြေနေရာရရှိရေး သင့်လျော်သည့်နေရာတွင် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း။
- ပျဉ်းမနားဒေသသည် ဝါးများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး ဝါးထွက်ကုန်ထုတ်လုပ်ခြင်းများကိုဆောင်ရွက်ကြသော်လည်း ယခုနောက်ပိုင်းတွင် ထုတ်ယူသုံးစွဲမှုများပြားခြင်းကြောင့် ဝါးတောများပြုန်းတီးလာသဖြင့် ဝါးတောများ ပြန်လည် စိုက်ပျိုးထိန်းသိမ်းကြရန်လိုကြောင်း။
- ဝါးနှင့်ပတ်သက်၍လည်း အချို့နိုင်ငံများတွင် ဝါးကိုနည်းပညာများအသုံးပြု၍ တန်ဖိုးမြင့်လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ကာ ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ကြသဖြင့် ရှိပြီးသားဖြစ်သည့် ဝါးတောများကို ထိန်းသိမ်းကြရန်လိုပြီး ထပ်မံတိုးချဲ့ စိုက်ပျိုးကြရန်လိုကြောင်း။
- ဝါးနှင့်သစ်များစိုက်ပျိုးရန်အတွက်လည်း မြေများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုပေးသွားမည်ဖြစ်ပြီး လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်ရန်လိုကြောင်း။
- နိုင်ငံတော်မှ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ရေအသုံးပြုရာတွင် အဟောသိကံ မဖြစ်စေဘဲ အကျိုးရှိစွာဖြင့် အသုံးပြုကြစေလိုကြောင်း။
- နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုပြီး နိုင်ငံအတွင်း ငွေကြေးလည်ပတ်မှုအားကောင်းရန်လိုကြောင်း။
- မိမိတို့နိုင်ငံတွင် ပညာရေးအားနည်းသည်ကို သန်းခေါင်စာရင်းများအရ သိရှိရသောကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိ ခရိုင်များအားလုံးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများ ဖွင့်လှစ်ပေးသွားရန် ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်တွင်လည်း Naypyitaw State Academy ကို မကြာမီ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း။
- နေပြည်တော်နယ်မြေအတွင်း ပုဂ္ဂလိကပညာရေးကျောင်းများကိုလည်း ဖွင့်လှစ်ရန်အတွက် ခွင့်ပြုပေးထားပြီး ပညာရေးမြို့တော်ဖြစ်စေရေး အားလုံးဝိုင်းဝန်းအားပေး ဆောင်ရွက်ကြရန်လိုကြောင်း။
- နေပြည်တော်နယ်မြေအတွင်း ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ လည်ပတ်ရန်နေရာများစွာရှိပြီး နောင်တွင်ဟိုတယ်လုပ်ငန်းများ များစွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
- အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်မှုနှင့်ပတ်သက်၍လည်း အားပေးဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကိုလည်း နိုင်ငံတော်အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
- ထုတ်ကုန်ပစ္စည်းများ အရေအတွက်ပမာဏ များစွာထုတ်လုပ်နိုင်မှသာ ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဒေသမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများမှ ထုတ်လုပ် ထားသည့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၁၀-၂၀၂၂)
- ပထမဒီမိုကရေစီအစိုးရနှင့် ဒုတိယဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံကျော်ခန့် ကုန်သွယ်မှုလိုငွေများပြခဲ့ပြီး အဆိုပါလိုငွေများကို ပြည်ပချေးငွေများ၊ ထောက်ပံ့ငွေများ၊ အခြားရငွေများဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်းတွေ့ရှိရ။
- မိမိတို့အနေဖြင့် တာဝန်ယူဆောင်ရွက်နေချိန်ကာလအတွင်းယခင်ကာလများကရှိခဲ့သည့် ပြည်ပကြွေးမြီများနည်းပါးအောင် တတ်နိုင်သမျှ ပြန်လည်ပေးဆပ်လျက်ရှိ။
- မိမိတို့နိုင်ငံအတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် မြေပေါ်မြေအောက်သယံဇာတပစ္စည်းများကို ထုတ်ကုန်များအဖြစ်ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိမည်ဖြစ်။
- နေပြည်တော်ကို စတင်ဖွင့်လှစ်ခဲ့သည်မှာ ၁၆ နှစ်ခန့်ရှိပြီဖြစ်ကာ မြို့တော်အား စတင်အကောင်အထည်ဖော်တည်ဆောက်ချိန်၌ အခက်အခဲများရှိခဲ့သော်လည်း စတင်တည်ဆောက်ချိန်မှစ၍ အနာဂတ်ကာလတွင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး စိုက်ပျိုးမွေးမြူရေးဇုန်များ၊ စက်မှုဇုန်နေရာများ သတ်မှတ်ဆောင်ရွက်ပေးခဲ့။
- MSME အသင်းနှင့် နေပြည်တော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အတွက် ရုံးအဆောက်အဦမြေနေရာရရှိရေး သင့်လျော်သည့်နေရာတွင် ခွင့်ပြုပေးသွားမည်ဖြစ်။
- ဝါးနှင့်သစ်များစိုက်ပျိုးရန်အတွက်လည်း မြေများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုပေးသွားမည်ဖြစ်ပြီး လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်ရန်လို။
- ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိ ခရိုင်များအားလုံးတွင် စိုကပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများ ဖွင့်လှစ်ပေးသွားရန် ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်တွင်လည်း Naypyitaw State Academy ကိုမကြာမီ ဖွင့်လှစ်ပေးသွားမည်ဖြစ်။
- နေပြည်တော်နယ်မြေအတွင်း ပုဂ္ဂလိကပညာရေးကျောင်းများကိုလည်း ဖွင့်လှစ်ရန်အတွက် ခွင့်ပြုပေးထားပြီး ပညာရေးမြို့တော်ဖြစ်စေရေး အားလုံးဝိုင်းဝန်းအားပေးဆောင်ရွက်ကြရန်။
- အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်မှုနှင့်ပတ်သက်၍လည်း အားပေးဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကိုလည်း နိုင်ငံတော်အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်။
Add new comment