ရွှေဘိုမြို့နယ်၊ ခရိုင်ပညာရေးမှူးရုံးနှင့် ထန်တလန်မြို့နယ်တွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်

ဇန်နဝါရီလ ၃ ရက်တွင် မြို့နယ်အချို့ရှိ ခရိုင်ပညာရေးမှူးရုံးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ-

· စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ရှိ ခရိုင်ပညာရေးမှူးရုံးနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းသို့ အကြမ်းဖက်သမား ၂ ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်လုပ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ကာ လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်သူ    အမျိုးသား ၂ ဦးမှာ ဆိုင်ကယ်မောင်းနှင်ထွက်ပြေး သွားခဲ့ပြီး ခရိုင်ပညာရေးမှူးရုံး၏နောက်ကျောဘက်ရှိ မှန် ၉ ချပ်ကွဲအက်ပျက်စီးခဲ့။

· ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်ရွာအေးချမ်းသာယာရေးအတွက် နယ်မြေ  လှည့်ကင်းဆောင်ရွက်နေစဉ် CDF အကြမ်းဖက်အဖွဲ့အင်အား ၂၅ ဦးခန့်က လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာတွင် အကြမ်းဖက်အဖွဲ့ဝင် ၁ ဦးသေဆုံး၍ ၎င်းအနီးမှ BA-63 သေနတ် ၁ လက်၊ ၎င်းကျည် ၆ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့။

· အကြမ်းဖက်အဖွဲ့များ ဆုတ်ခွာထွက်ပြေးစဉ် အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် လူနေအိမ် ၁၃ လုံး မီးလောင်ပျက်စီးခဲ့ပါသည်။

CDF အကြမ်းဖက်အဖွဲ့များက မြို့နယ်အချို့ရှိ စာသင်ကျောင်းများ၊ ပညာရေးမှူးရုံးများနှင့် အစိုးရအဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ဖျက်ဆီးခြင်းများပြုလုပ်လျက်ရှိသည့်အပြင်  အေးချမ်းစွာနေထိုင်သည့်ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခြင်းများနှင့် ၎င်းတို့၏နေအိမ်များကိုလည်း အဓိကပစ်မှတ်ထား၍  မီးရှို့ဖျက်ဆီးခြင်းများအား ဆက်တိုက်ပြုလုပ်လျက်ရှိပါသည်။ ၎င်းတို့လုပ်ရပ်များအား ပြည်သူ များက ပြစ်တင်ရှုတ်ချလျက်ရှိသည့်အပြင် နိုင်ငံတကာအနေဖြင့်လည်း အကြမ်းဖက်လုပ်ရပ်များအား ဝိုင်းဝန်းဆန့်ကျင်ကြရန် လိုလားလျက်ရှိပါသည်။

ခရိုင်ပညာရေးမှူးရုံးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

Add new comment