(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို အောက်တိုဘာလ ၁၈ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ညီလာခံခန်းမ၌ကျင်းပရာ အခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက-
-
၅ နှစ်ကျော်ကာလနီးပါး ရပ်နားခဲ့ရသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ပြန်လည်ကျင်းပနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အထူးအားထုတ်ခဲ့ရပါကြောင်း။
-
ယှဉ်ပြိုင်ခြင်းဖြင့် အောင်မြင်မှုမှတ်တိုင်တစ်ခု ရယူနိုင်ရေးဟုဆိုရာတွင် ပညာရပ်တစ်ခုကို စည်းစနစ်ကျစွာ သင်ကြားနာယူမှု၊ စွဲမြဲစွာ တစိုက်မတ်မတ်လေ့ကျင့်ကြိုးစားမှု၊ ကျန်းမာရေးနှင့်ဆိုင်သည့်သက်လုံပြည့်ဝမှု၊ ဇွဲရှိမှုနှင့် သာလွန်ကောင်းမွန်သော ထိုးထွင်းသိမြင်မှုစသည့် အကြောင်းများစွာပေါ်၌ အခြေခံလျက်ရှိကြောင်း။
-
တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ဆုအသီးသီးရယူနိုင်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်များကို ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ဆုမရရှိသော်လည်း ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို မြတ်မြတ် နိုးနိုးယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၏ ကြိုးစားအားထုတ်မှုကိုလည်း တန်ဖိုးထားအသိအမှတ်ပြုပါကြောင်း။
-
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်အနေဖြင့် အချိန်အား၊ လူအား၊ ဓနငွေကြေးအင်အားများနှင့် ကျင်းပပေးနေခြင်းသည် မြန်မာနိုင်ငံအတွင်း စုစည်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ပိုင်ဆိုင်ထားကြသည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ကောင်းမြတ်သည့်ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းခြင်းအပြင် အဆိုပါအမွေအနှစ်များ တိမ်ကောပျောက်ကွယ်မသွားစေရန် ဆင့်ကဲဆင့်ကဲ ဖြန့်ဝေဆက်ခံနိုင်ကြရန်ဖြစ်ကြောင်း။
-
ယနေ့ Globalization ဟုခေါ်သည့် ကမ္ဘာ့ရွာကြီးထဲတွင် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများ၏အရွေ့သည် အကောင်းနှင့်အဆိုး အရှိန်အဟုန်မြင့်မားလျက် အပြန်အလှန်ကူးပြောင်းနေသကဲ့သို့ ရည်ရွယ်ချက်ရှိရှိဖြင့် ရိုးရာယဉ်ကျေးမှု အလေ့ အထအမူအကျင့်စရိုက်များ တိမ်ကောပပျောက်သွားအောင် နည်းမျိုးစုံဖြင့် ထိုးဖောက်လျက်ရှိကြောင်း။
-
ထိုသို့ဆောင်ရွက်နေမှုများအပေါ် မိမိတို့နိုင်ငံသူနိုင်ငံသားများအနေဖြင့်လည်း အမျိုးဂုဏ် ဇာတိဂုဏ်စောင့်ထိန်းရင်း မိမိနိုင်ငံသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို နှောက်ယှက်ဖျက်ဆီးခြင်းမှကင်းဝေးစေရန် ဝိုင်းဝန်းကြိုးပမ်း ကာကွယ်ထိန်းသိမ်းသွားကြ ရမည်ဖြစ်ကြောင်း။
-
ကျင်းပပြီးစီခဲ့သည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အကြောင်းပြု၍ ရရှိခဲ့သောအောင်မြင်မှုဆုတံဆိပ်များ၊ ပြိုင်ပွဲကာလအတွင်း တွေ့ကြုံရင်းနှီးခဲ့ရသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် အပြန်အလှန် ချစ်ကြည်ခိုင်မြဲခဲ့ရသော မေတ္တာတရားများကိုအခြေခံ၍ မိမိတို့နေရပ်ဒေသများသို့ ပြန်လည်ရောက်ရှိကြသည့်အခါ နိုင်ငံ့အကျိုးနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများဖြစ်ကြသည့် နိုင်ငံသူနိုင်ငံသားများ၏အကျိုးကို သက်ဆိုင်ရာ လုပ်ငန်းခွင်၊ စာသင်ခန်းများမှတစ်ဆင့် ဆတက်ထမ်းပိုးသယ်ပိုးနိုင်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာနှင့် ကျေးလက်ရိုးရာယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် များနှင့် တာဝန်ရှိသူများက ဆုရရှိသူပြိုင်ပွဲဝင်များကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိမှုများမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၂၈)ဆု၊ မန္တလေးတိုင်းဒေသကြီးမှ (၈၈)ဆု၊ ဧရာဝတီတိုင်းဒေသကြီးမှ (၅၈)ဆု၊ ပဲခူးတိုင်းဒေသကြီးမှ (၃၃)ဆု၊ ကရင်ပြည်နယ်မှ (၂၀)ဆု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၃၆)ဆု၊ မကွေးတိုင်းဒေသကြီးမှ (၂၂)ဆု၊ ချင်းပြည်နယ်မှ (၂၁)ဆု၊ ရခိုင်ပြည်နယ်မှ (၂၀)ဆု၊ တနင်္သာရီတိုင်းဒေသကြီးမှ (၂၃)ဆု၊ ကယားပြည်နယ်မှ (၁၀)ဆု၊ မွန်ပြည်နယ်မှ (၁၅)ဆု၊ ကချင်ပြည်နယ်မှ (၁၁)ဆုနှင့် ရှမ်းပြည်နယ်မှ (၁၉)ဆု ရရှိခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၁၀-၂၀၂၂)
|
Add new comment