နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

          (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင်

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်များကို စတင်ထမ်းဆောင်ချိန်မှစ၍ နိုင်ငံတော်၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အပြင် ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုရေးရာကိစ္စရပ်များအပါအဝင် အဘက်ဘက်တွင် လစ်ဟာမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။
  • နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတို့ကို ဦးတည်ချက်ချမှတ်ပြီး နိုင်ငံတော်ကို အေးချမ်းသာယာခေတ်မီဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
  • နှစ်စဉ်ကျင်းပခဲ့ရာမှ မကျင်းပခဲ့သည်မှာ ကြာပြီဖြစ်သည့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ ဖော်ထုတ်ထိန်းသိမ်း ဖော်ဆောင်နိုင်ရန်နှင့် နိုင်ငံချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ နိုးကြားတက်ကြွစေပြီး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပေးနိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း။
  • နိုင်ငံ၏သမိုင်းအဆက်ဆက်တွင် “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်”ဟူသည့် ဓမ္မဓိဋ္ဌာန်ကျသည့်အမြင်အသိကသာ လက်တွေ့ကျပြီး အမှန်ကန်ဆုံးဖြစ်သည့်အတွက် နိုင်ငံနှင့်လူမျိုးအကျိုးကို တိုးတက်မြင့်မားအောင် အားလုံးက ကြိုးပမ်းစွမ်း ဆောင်သွားကြရမည်ဖြစ်ကြောင်း။
  • တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ရိုးရာဓလေ့ထုံးစံနှင့် ယဉ်ကျေးမှုအနုသုခုမများကလည်း ကွဲပြားခြားနားများပြားလှကြောင်း။
  • တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် တိုင်းရင်းသားအသီးသီး၏ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုသုခုမပညာရပ်များသည် သမိုင်းနှင့်ချီပြီး ကြီးကျယ်ခမ်းနားစွာ တည်ရှိခဲ့သဖြင့် အဆိုပါရှိခဲ့သည့် စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့် အစဉ်အလာများကို လျော့နည်းပပျောက်ခြင်းမရှိအောင် အားလုံးက ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း။
  • ၁၈ ရာစုနှစ် အစောပိုင်းကာလ၊ ဒုတိယအင်းဝဟုသတ်မှတ်သည့် ညောင်ရမ်းခေတ် ၁၇၁၀ ပြည့်နှစ်ပတ်ဝန်းကျင်တွင် စာဆိုတော်ဝန်ကြီး ပဒေသရာဇာက “ထံတျာတေရှင်” အစချီကြိုးသီချင်းများ၊ တျာခြင်းများ ရေးသားပြုစုနေချိန်၌ ဂျာမနီက ဂီတပညာရှင် ကြီးဘာ့(ခ်) (၁၆၈၅-၁၇၅၉) က God is My King အမည်ရှိ တေးဘွဲ့ကြီးကို သီကုံးနေချိန်ဖြစ်ကြောင်း။
  • ကမ္ဘာတွင် ဂန္ထဝင်အနုပညာ၊ ဂန္ထဝင်ဂီတဟူ၍ ပေါ်ပေါက်ပြီး ယနေ့ထိတိုင် ခိုင်မြဲနေသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း ၎င်းတို့နှင့်ခေတ်ပြိုင် ဂန္ထဝင်အနုပညာ၊ ဂန္ထဝင်စာပေ၊ ဂန္ထဝင်ဂီတဆိုသည်များ ပေါ်ပေါက်ခဲ့ကြောင်း။
  • အနုပညာမြတ်နိုးသူများ၏ သဘာဝအရ “စိတ်ပျိုရင် ကိုယ်နုတယ်” ဟူသည့် ဆိုစကားရှိသကဲ့သို့၊ မိမိတို့နှစ်သက်မြတ်နိုးသည့် အနုပညာအလုပ်များနှင့် ထိတွေ့နေရလျှင်၊ မိမိတို့သိရှိတတ်မြောက်ထားသည့် ပညာများဖြန့်ဝေနေရလျှင် အသက်ရှည်ဆေးတစ် ခုသဖွယ်ဖြစ်သည်ဟု နားလည်ထားမိကြသည့်အတွက် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းဆွေးနွေးစဉ်းစားပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်၍ ယခုပြိုင်ပွဲကြီးကို ကျင်းပနိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း။
  • ရှည်လျားသည့် သမိုင်းကြောင်းတစ်လျှောက် အဓွန့်ရှည်တည်တံ့ခဲ့သည့် မိမိတို့၏အနုသုခုမပညာရပ်များကို “မဟာ” ဟူသည့် ကြီးကျယ်မြင့်မြတ်သော ဂုဏ်ထူးဝိသေသနှင့် မဟာဂီတဟု ခေတ်အဆက်ဆက်တွင် တန်ဖိုးထားခဲ့ကြကြောင်း။
  • တေးသီချင်းများရေးသားရာတွင်လည်း မြန်မာတို့၏ပေါကြွယ်ဝလှသည့် ဝေါဟာရများ၊ စာသားအဆင်တန်ဆာများ၊ အသံကာရန်သဘောညီသည့် ရေးနည်းစပ်ထုံးများကို ဂုဏ်၊ အလင်္ကာ၊ ရသမြောက်စွာ ပေါ်လွင်စေလိုသည့်အတွက် ယခုပြိုင်ပွဲကြီးတွင် “အရေး”ပြိုင်ပွဲကဏ္ဍကိုလည်း ထည့်သွင်းထားခြင်းဖြစ်ကြောင်း။
  • အဆိုပြိုင်ပွဲ၏ အထူးပြုဘာသာရပ်ဖြစ်သည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေးပြိုင်ပွဲများကိုလည်း အောင်အောင်မြင်မြင် ထည့်သွင်းကျင်းပနိုင်ခဲ့ခြင်းဖြစ်သည့်အတွက် အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ပြည့်စုံသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် အရေးပါသည့် အောင်မြင်မှုတစ်ရပ်အဖြစ် မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း။
  • မျိုးဆက်သစ်များအနေဖြင့် ယခုပြိုင်ပွဲကြီးမှရရှိသည့် အောင်မြင်မှုများနှင့်အတူ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားကြရန်။
  • အတူတကွပြိုင်ပွဲဝင်ခဲ့ကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရေး ဆက်လက်ကြိုးစားတည်ဆောက်သွားကြရန် ပြောကြားခဲ့။

      အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှတာဝန်ရှိသူများ၊ အကဲဖြတ် ပညာရှင်ကြီးများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အနုပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၁၀-၂၀၂၂)

  • နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတို့ကို ဦးတည်ချက်ချမှတ်ပြီး နိုင်ငံတော်ကို အေးချမ်းသာယာခေတ်မီဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ။
  • တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် တိုင်းရင်းသားအသီးသီး၏ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုသုခုမပညာရပ်များသည် သမိုင်းနှင့်ချီပြီး ကြီးကျယ်ခမ်းနားစွာ တည်ရှိခဲ့သဖြင့် အဆိုပါရှိခဲ့သည့် စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့် အစဉ်အလာများကို လျော့နည်းပပျောက်ခြင်းမရှိအောင် အားလုံးက ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားကြရန် လိုအပ်။
  • အဆိုပြိုင်ပွဲ၏ အထူးပြုဘာသာရပ်ဖြစ်သည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေးပြိုင်ပွဲများကိုလည်း အောင်အောင်မြင်မြင် ထည့်သွင်းကျင်းပနိုင်ခဲ့ခြင်းဖြစ်သည့်အတွက် အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ပြည့်စုံသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် အရေးပါသည့် အောင်မြင်မှုတစ်ရပ်အဖြစ် မှတ်တမ်းတင်ဂုဏ်ပြုအပ်။

Add new comment