နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၁၈ ရက်တွင် မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ တွေ့ဆုံ၍ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ပါသည်။
မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မော်လမြိုင်ဇုန်ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက-
- ပြည်နယ်မှ ထွက်ရှိသည့် ဆားကို ပြည်ပသို့ တင်ပို့နိုင်ရေးနှင့် ပြည်တွင်း၌ အဆင့်မြင့်ဆားများ ထုတ်လုပ်နိုင်ရေး နိုင်ငံတော်မှ လိုအပ်သည်များ ကူညီပံ့ပိုးပေးစေလိုမှု။
- စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သည့် ရေလုံလောက်စွာရရှိရေး မြစ်ရေတင်စီမံကိန်းဆောင်ရွက်ပေးစေလိုမှုများ။
- ရော်ဘာထွက်ဒေသများနှင့် မွန်ပြည်နယ်မှထွက်ရှိသည့် ရော်ဘာထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန်အတွက် အရည်အသွေးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နေမှုများ။
- ငါးမွေးမြူရေးလုပ်ငန်းများအတွက် အရင်းမပျောက် မတည်ချေးငွေများ လိုအပ်လျက်ရှိမှုနှင့် ဒေသတွင်းခရီးသွားလုပ်ငန်းများတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု။
- မော်လမြိုင်စက်မှုဇုန်ရှိ လုပ်ငန်းရှင်များအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေများ ရရှိလိုမှုနှင့် သံရည်ကျိုလုပ်ငန်းများအတွက် လိုအပ်သည့် ကုန်ကြမ်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရရှိလိုမှုများ။
- ယက်ကန်းလုပ်ငန်းများအတွက် မတည်ချေးငွေများ လိုအပ်လျက်ရှိမှုနှင့် သတ္တုထုတ်လုပ်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းသတ္တုများ လိုအပ်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့။
လုပ်ငန်းရှင်များ၏ ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက ဝန်ကြီးဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှချေးငွေများကို ကာလအပိုင်းအခြားအလိုက် အတိုးနှုန်း သက်သာစွာဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး တင်ပြချက်များတွင်ပါဝင်သည့် ချေးငွေရယူလိုမှုအပေါ် သတ်မှတ်ချက်နှင့်အညီခွင့်ပြုပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အခြေအနေများ၊ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးနှင့် ကျေးလက် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအစုအဖွဲ့များ ဖွဲ့စည်း၍ လိုအပ်သည်များ ကူညီပံ့ပိုးပေးလျက်ရှိမှု၊ စက်မှုနည်းပညာများနှင့် ပတ်သက်၍ နည်းပညာလိုအပ်ချက်များရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ပို့ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် လျက်ရှိမှု စသည်တို့နှင့်ပတ်သက်၍ အသီးသီး ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-
- နိုင်ငံတစ်ခုသည် စီးပွားရေးမောင်းနှင်အား၊ နိုင်ငံရေးအားနှင့် ကာကွယ်ရေးစွမ်းအားကောင်းရန်လိုပြီး စီးပွားရေးမောင်းနှင်အား ကောင်းမွန်ပါက နိုင်ငံရေးနှင့် ကာကွယ်ရေးစွမ်းအားများသည်လည်း ကောင်းမွန်လာမည်ဖြစ်ကာ အင်အားကောင်းသည့် နိုင်ငံ တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း။
- ကမ္ဘာပေါ်တွင် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးပြီး စီးပွားရေးအားကောင်းသည့် နိုင်ငံများရှိသကဲ့သို့ အခြားနိုင်ငံရေးစနစ်များကိုကျင့်သုံး၍ စီးပွားရေးအားကောင်းလျက်ရှိသည့် နိုင်ငံများလည်းရှိကြောင်း။
- နိုင်ငံအတွင်းရှိ သယံဇာတပစ္စည်းများနှင့် အရံငွေများရှိခြင်းကြောင့် ကာကွယ်ရေး စွမ်းပကားများကို မြှင့်တင်ဆောင်ရွက်ကြသည်များလည်းရှိကြကြောင်း။
- စီးပွားရေးအားကောင်းသည့် နိုင်ငံများတွင်ပင် နိုင်ငံရေးပြဿနာများကြောင့် ဆူပူမှုများဖြစ်ပေါ်နိုင်၍ အစိုးရအပေါ်တွင် မကျေနပ်မှုများဖြစ်ပေါ်ကြပြီး ပြည်သူများတွင် လိုအပ်ချက်များ ဖြစ်ပေါ်လာသည့်အချိန်တွင် တိုင်းပြည်ဆူပူမှုများ ဖြစ်ပေါ်တတ် ကြောင်း။
- မိမိတို့နိုင်ငံတွင်လည်း ယခင်က စီးပွားရေးကျဆင်းမှုများကြောင့် ဆန်၊ စပါးအရေးအခင်းများဖြစ်ပေါ်၍ ဆူပူမှုများဖြစ်ပေါ်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင်လည်း စီးပွားရေးကျဆင်းမှုနှင့် နိုင်ငံရေးဆိုင်ရာသဘောထားကွဲလွဲမှုများကြောင့် ဆူပူမှုများဖြစ်ပေါ်ခဲ့ ကြောင်း။
- တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
- မိမိအနေဖြင့် ပြည်တွင်းစီးပွားရေးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အများဆုံးဆောင်ရွက်ကြသည်ဖြစ်သဖြင့် ၎င်းကိုအခြေခံ၍ စီးပွားရေးကိုဆောင်ရွက်ပါက မလွဲမသွေ အောင်မြင် မည်ဟု ယုံကြည်ကြောင်း။
- ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သဖြင့် စားသောက်ကုန်များ ပြတ်လတ်မှု မရှိခဲ့ကြောင်း။
- စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် MSME လုပ်ငန်းများသည် စက်မှုကဏ္ဍ၏ ဝင်ငွေတွင် ၉၀ ရာခိုင်နှုန်းခန့်ရှိပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းတွင်လည်း MSME လုပ်ငန်းများသည် အရေးပါဆုံးအခန်းကဏ္ဍတွင် ပါဝင်သဖြင့် အားပေးဆောင်ရွက်ခြင်းသည် နိုင်ငံအတွက်များစွာ အကျိုးဖြစ်ထွန်းစေကြောင်း။
- MSME လုပ်ငန်းတွင် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ဝန်ဆောင်မှုနှင့် အခြားလုပ်ငန်းဟူ၍ လေးမျိုးရှိပြီး မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုကို အဓိက အားပေးကြောင်း။
- မွန်ပြည်နယ်အတွင်း စပါးစိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံမြေများ စိုက်ပျိုးခြင်းနှင့် အခြားဆီထွက်သီးနှံနှင့် ရာဘာစသည့် စက်မှုထွက်ကုန်များရှိသဖြင့် စိုက်ပျိုးရေးထွက်ကုန်များကိုအခြေခံသည့် ထုတ်ကုန်များကို များစွာထုတ်လုပ်နိုင်ရန်လိုကြောင်း။
- မွန်ပြည်နယ်အတွင်း စပါးအထွက်နှုန်းမှာ ပန်းတိုင်ရည်မှန်းချက်ထက် နည်းပါးသဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
- ရာဘာလုပ်ငန်းများမှ ပြည်တွင်းလိုအပ်ချက်ရှိသည့် မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များအတွက် တာယာများ ထုတ်လုပ်နိုင်မည်ဆိုပါက အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်မှလည်း လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း။
- မော်လမြိုင်ဒေသတွင် ပင်လယ်ဆိပ်ကမ်းတစ်ခု တည်ဆောက်နိုင်ရေးအတွက် မိမိတို့အနေဖြင့် စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း။
- နောင်တစ်ချိန်တွင် မော်လမြိုင်ဒေသသို့ ခရီးသွားများဝင်ရောက်မှု ပိုမိုအားကောင်းလာစေရန်နှင့် လေကြောင်းမှကုန်စည်စီးဆင်းမှုများကို မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
- အချို့နိုင်ငံများတွင် စက်သုံးဆီများ ချွေတာရေးအတွက် Electric vehicle လျှပ်စစ်စွမ်းအင်သုံးယာဉ်များကို အသုံးပြု၍ အများပြည်သူသယ်ယူပို့ဆောင်ရေးများကို အသုံးပြုလျက်ရှိသဖြင့် မိမိတို့အနေဖြင့်လည်း နိုင်ငံအတွင်းလျှပ်စစ်ဓာတ်အား အသုံးပြုသည့် သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
- ယခင်က ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးမှုမရှိခဲ့ဘဲ ပြည်ပမှသာ တင်သွင်းသုံးစွဲခဲ့မှုများကြောင့် ပြည်တွင်း၌ လိုအပ်ချက်များဖြစ်ပေါ်ခဲ့သဖြင့် ပြည်တွင်း၌ ထုတ်လုပ်၍ရသည့် အခြေခံသုံးကုန်၊ စားကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းမှုများ လျှော့ချနိုင်ရန်အတွက် မိမိတို့အနေဖြင့်ဆောင်ရွက်လျက်ရှိကြောင်း။
- အလားတူ ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်၍ စားကုန်၊ သောက်ကုန်နှင့် သုံးကုန်များအတွက် လုံလောက်စွာ ထုတ်လုပ်နိုင်ရန် အားပေးဆောင်ရွက်လျက်ရှိကြောင်း။
- ယခင်က ဘိလပ်မြေများ ထုတ်လုပ်ရာတွင် ကုန်ထုတ်လုပ်မှုစရိတ်များ ကြီးမြင့်ခြင်းများ ဖြစ်ပေါ်ခြင်း၊ ကုန်ကြမ်းများမရရှိခြင်း၊ လောင်စာနှင့်စွမ်းအင်များ လုံလောက်စွာမရရှိခြင်း၊ နည်းပညာလိုအပ်ချက်များရှိခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ် ခဲ့သော်လည်း ယခုအခါလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း။
- မိမိတို့နိုင်ငံတွင် ၂၀၁၈/၂၀၁၉ ခုနှစ် ခန့်မှစ၍ နိုင်ငံ၏စီးပွားရေးကျဆင်းခဲ့သော်လည်း ယခုအခါ မိမိတို့နိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်တည်ငြိမ်ကောင်းမွန်လာပြီဖြစ်ကြောင်း။
- မွန်ပြည်နယ်သည် သာယာလှပသည့် ဒေသတစ်ခုဖြစ်ပြီး ရေစီးရေလာများ ကောင်းမွန်စေရေးနှင့် မြို့များသန့်ရှင်းသာယာလှပရေး၊ ပတ်ဝန်းကျင်သပ်ရပ်လှပရေး အားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း။
- အခွန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အချို့သော EAO အဖွဲ့များက တရားမဝင်ကုန်သွယ်မှုများတွင် ပါဝင်လျက်ရှိသည်ကို သိရှိရပြီးတရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်အတွက် နစ်နာမှုများရှိကြောင်း။
- မိမိတို့အနေဖြင့် တရားမဝင်ကုန်သွယ်မှုများမရှိစေရေး တတ်နိုင်သမျှ ထိန်းချုပ်ဆောင်ရွက်လျက်ရှိပြီး လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ မရှိစေရေးအတွက်လည်း တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း။
- တရားမဝင်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်မှု မရှိစေရေးအတွက် စစ်ဆေးမှုများရှိသော်လည်း ခရီးသွားလာမှုများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် တတ်နိုင်သမျှဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခင်းကျင်းပြသထားသည့် စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ဒေသရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများစသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မွန်ပြည်နယ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ ( မြဝတီသတင်းစာ ၁၉-၁၀-၂၀၂၂)
- နိုင်ငံတစ်ခုသည် စီးပွားရေးမောင်းနှင်အား၊ နိုင်ငံရေးအားနှင့် ကာကွယ်ရေးစွမ်းအား ကောင်းရန်လိုပြီး စီးပွားရေးမောင်းနှင်အားကောင်းမွန်ပါက နိုင်ငံရေးနှင့် ကာကွယ်ရေး စွမ်းအားများသည်လည်း ကောင်းမွန်လာမည်ဖြစ်။
- စီးပွားရေးအားကောင်းသည့် နိုင်ငံများတွင်ပင် နိုင်ငံရေးပြဿနာများကြောင့် ဆူပူမှုများဖြစ်ပေါ်နိုင်၍ အစိုးရအပေါ်တွင် မကျေနပ်မှုများ ဖြစ်ပေါ်ကြပြီး ပြည်သူများတွင် လိုအပ်ချက်များ ဖြစ်ပေါ်လာသည့်အချိန်တွင် တိုင်းပြည်ဆူပူမှုများ ဖြစ်ပေါ်တတ်။
- တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်။
- ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သဖြင့် စားသောက်ကုန်များ ပြတ်လပ်မှုမရှိခဲ့။
- ရာဘာလုပ်ငန်းများမှ ပြည်တွင်းလိုအပ်ချက်ရှိသည့် မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များအတွက် တာယာများ ထုတ်လုပ်နိုင်မည်ဆိုပါက အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်။
- မော်လမြိုင်ဒေသတွင် ပင်လယ်ဆိပ်ကမ်းတစ်ခု တည်ဆောက်နိုင်ရေးအတွက် မိမိတို့ အနေဖြင့် စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိ။
- မွန်ပြည်နယ်သည် သာယာလှပသည့် ဒေသတစ်ခုဖြစ်ပြီး ရေစီးရေလာများ ကောင်းမွန်စေရေးနှင့် မြို့များသန့်ရှင်းသာယာလှပရေး၊ ပတ်ဝန်းကျင်သပ်ရပ်လှပရေး အားလုံး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်။
- တရားမဝင်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်မှု မရှိစေရေးအတွက် စစ်ဆေးမှုများရှိသော်လည်း ခရီးသွားလာမှုများ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် တတ်နိုင်သမျှဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်။
Add new comment