(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဂုဏ်ထူးဆောင်လက်မှတ်ပေးအပ်ပွဲများ ကျင်းပပြုလုပ်

ဇန်နဝါရီလ ၄ ရက်သည် မြန်မာတစ်မျိုးသားလုံး ဝမ်းသာပျော်ရွှင်မဆုံးဖြစ်ရသော (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ဖြစ်သည်နှင့်အညီ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားများ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများကို  နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအပါအဝင် အခြားမြို့ကြီးအသီးသီး တွင်လည်း ကျင်းပပြုလုပ်ခဲ့ကြပြီး တန်ခိုးကြီးဘုရားစေတီများ၊ ပန်းခြံများ၊ အများနှင့် သက်ဆိုင်သောနေရာများတွင်လည်း ဘုရားဖူးမြော်သူများ၊ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိပါသည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနား၊ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဂုဏ်ထူးဆောင်လက်မှတ်များချီးမြှင့်ခြင်းကို  သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးတို့၌ ကျင်းပပြုလုပ်ခဲ့ကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်နှင့် ဂုဏ်ထူးဆောင်လက်မှတ် ရရှိခဲ့ကြသည့် အရာရှိစစ်သည်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင်လည်း ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများကိုလည်း ကျင်းပခဲ့ကြပါသည်။

၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့သည် နယ်ချဲ့လက်အောက်မှ လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သောနိုင်ငံသားများအဖြစ် ခံစားခွင့်ရရှိခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ် သည်နှင့်အညီ တစ်နိုင်ငံလုံး၌လွတ်လပ်ရေးအောင်ပွဲများကိုလည်း အစဉ်အလာမပြတ် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင်လည်း မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပါသည်။

 

Add new comment