အောက်တိုဘာလ ၁၆ ရက်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဖားဝပ်ချောင်းကျေးရွာသို့အရောက်၌ AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ AA အဖွဲ့က ဖားဝပ်ချောင်းကျေးရွာအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့ပြီး ကျေးရွာအတွင်းရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးကာ ထွက်ပြေးသွားခဲ့ပါသည်။ အဆိုပါမီးရှို့ဖျက်ဆီးခဲ့မှုကြောင့် လူနေအိမ် ၁၅ လုံး မီးလောင် ပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျန်နေအိမ်များအား မီးကူးစက်လောင်ကျွမ်းမှုမရှိစေရေး ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့ကြောင်း သိရှိရပါသည်။
အကြမ်းဖက်သမားများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားစဉ် ကျေးရွာများအတွင်း ပြည်သူလူထုနှင့် နေအိမ်များအား အကာအကွယ်အဖြစ် အသုံးချပြီး ဆုတ်ခွာထွက်ပြေးစဉ် ကျေးရွာအတွင်းမီးရှို့ဖျက်ဆီးခဲ့သည့် အလားတူဖြစ်စဉ်မျိုး အကြိမ်များစွာ ပြုလုပ်ခဲ့ပြီး အဆိုပါမီးရှို့ဖျက်ဆီးမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့သည့်အသွင်ဖြင့် သတင်းအမှားများ၊ လုပ်ကြံသတင်းများကို ပြည်ဖျက်မီဒီယာများမှ ထုတ်လွှင့်လျက်ရှိကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူနေအိမ်များအား မီးရှို့ဖျက်ဆီးထွက်ပြေးသွားခဲ့သည့် AA အဖွဲ့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံချေမှုန်းလျက်ရှိကြောင်းနှင့် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၁၀-၂၀၂၂)
- AA လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာအတွင်းရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ကျေးရွာရှိ လူနေအိမ် ၁၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့။
Add new comment