နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၁၇ ရက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အားကစားကွင်းသည် ပြည်နယ်အဆင့်နှင့် လျော်ညီရမည်ဖြစ်ရာ နောင်တွင်ပိုမိုများပြားလာမည့် လူဦးရေတို့ကိုပါ ထည့်သွင်းတွက်ချက်၍ ဝင်ဆံ့မှုကို ရေရှည်မျှော်တွေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အားကစားကွင်းအနီး၌ ပြည်နယ်အဆင့်နှင့်လျော်ညီသည့် မိုးလုံလေလုံအားကစားရုံအသစ်တစ်ခု ဆောက်လုပ်နိုင်ရေး၊ ဒိုင်ဗင်စင်ပါအဆင့်မီရေကူးကန်တည်ဆောက်ရေး လျာထားတင်ပြရန်နှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အားကစားနည်းမျိုးစုံကို အဆင့်မီစွာ လေ့ကျင့်ယှဉ်ပြိုင်နိုင်ရေး ပြည်နယ် Sport Complex တစ်ခုကို ဖော်ဆောင်ပေးရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘားအံမြို့နှင့် မော်လမြိုင်မြို့များရှိ နယ်မြေခံတပ်မတော်ဆေးရုံများသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ ကျန်းမာရေးအခြေအနေများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြားခဲ့ပြီး စားသောက်ဖွယ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ ပြီးနောက် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၁၀-၂၀၂၂)
|
Add new comment