နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှု အားပေး

      (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် အောက်တိုဘာလ ၁၆ ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပသည့် “ရာမာယဏ” ဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှု အားပေးခဲ့ပါသည်။

        အဆိုပါ “ရာမာယဏ”ဇာတ်တော်ကြီး ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု မန်းရာမဇာတ်တော်ကြီးအဖွဲ့(တော်)က မူရင်းရာမာယဏဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို မြန်မာ့ဇာတ်သဘင်၏ ဆို၊ ငို၊ ပြော ပညာရပ်များ၊ အကအလှများနှင့် အနုပညာရသမြောက်ပေါင်းစပ်၍ သရုပ်ဖော်ယှဉ်ပြိုင်နေမှုကို ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့ များနှင့်အတူ ကြည့်ရှုအားပေးခဲ့ပါသည်။

      “ရာမာယဏ” ဇာတ်တော်ကြီး ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်အဖွဲ့များက အောက်တိုဘာလ ၁၂ ရက်မှ အောက်တိုဘာလ ၁၆ ရက်အထိ သရုပ်ဖော်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၁၀-၂၀၂၂)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အောက်တိုဘာလ ၁၆ ရက်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပသည့် ရာမာယဏဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှု အားပေးခဲ့။

Add new comment