နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာခ

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း (၇)နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အောက်ပါအတိုင်းမိန့်ခွန်းပြောကြားခဲ့ပါသည်-

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း (၇)နှစ်မြောက်နှစ်ပတ်လည်နေ့တွင် ပြောကြားသည့်မိန့်ခွန်း

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျာ-

      ဒီကနေ့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ချုပ်ဆိုတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ချုပ်ဆိုခဲ့တာ (၇)နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။ ယနေ့ကျရောက်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးခြင်း(၇)နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး အားလုံးလိုလား တောင့်တနေကြတဲ့ ငြိမ်းချမ်းရေးရဲ့အကျိုးကို ထာဝစဉ်ရှေးရှု ဆောင်ရွက်နိုင် ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

       ယနေ့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံနဲ့ အဓိကအကျဆုံး ပကတိလိုအပ်ချက်ဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးပဲ ဖြစ်ပါတယ်။ အတိတ်သမိုင်းအရ ကျွန်တော်တို့ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးဟာ တိုင်းတစ်ပါးလက်အောက်မှာ နှစ်ကာလတစ်ရာကျော်ကြာ ဖြတ်သန်းနေထိုင်ခဲ့ရပါတယ်။ ကိုလိုနီနယ်ချဲ့အင်္ဂလိပ်တို့က ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ သွေးစည်းညီညွတ်မှု၊ စည်းလုံးခြင်းအင်အားတို့ကို စနစ်တကျ အစီအစဉ်ချကာ သွေးခွဲအုပ်ချုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ တစ်ဦးကိုတစ်ဦး ရန်သူသဖွယ်ထင်မြင်လာ အောင်ဆောင်ရွက်ခဲ့ပါတယ်။ မလွှဲသာ၍ လွတ်လပ်ရေးပေးရတော့မယ့်အချိန်အထိ ခွဲခြားအုပ်ချုပ်မှုတွေ၊ သပ်လျှိုသွေးခွဲမှုတွေနဲ့ အချင်းချင်းစည်းလုံး ညီညွတ်မှုပြိုကွဲအောင် လုပ်ဆောင်ခဲ့ကြပါတယ်။

      မည်သို့ပင်သွေးခွဲစေကာမူ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ မျိုးချစ်စိတ်ကို အရင်းတည်ပြီး ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ကို တည်ဆောက်ပြီး လွတ်လပ်ရေးကို ပြန်လည်ရယူခဲ့ကြပါတယ်။ သို့သော်လည်း နယ်ချဲ့တို့ရဲ့ သွေးခွဲသပ်လျှိုမှု အကျိုးဆက်က ယနေ့တိုင်ထင်ကျန်နေဆဲ ဖြစ်သလို လွတ်လပ်ရေးရပြီး ခေတ်အဆက်ဆက်မှာလည်း မြန်မာနိုင်ငံကို လွှမ်းမိုးနိုင်ရေး နည်းမျိုးစုံနဲ့ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံအတွင်း မတည်ငြိမ်တဲ့ နယ်မြေတွေရှိနေရခြင်းဟာလည်း နယ်ချဲ့တို့ရဲ့ သွေးထိုးလှုံ့ဆော်မှုအရှိန်နဲ့ နောက်ပိုင်းမှာလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့မှုတွေကြောင့် ဖြစ်ပါတယ်။ ဒီအရှိန်၊ ဒီအမွေဆိုးတွေကို ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုတွေ ဖြေရှင်းနေတာ နှစ်ပေါင်း ၇၀ ကျော်ကြာပြီဖြစ်ပါတယ်။

      တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-

    ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေတိုင်းမှာ NCA နဲ့ပတ်သက်ပြီး အမြဲထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီလိုထည့်သွင်းပြောကြားရခြင်းဟာ NCA စာချုပ်သည် ကျွန်တော်တို့နိုင်ငံအတွက် အရေးတကြီးလိုအပ်နေတဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေမှာ အဓိကအကျဆုံး အခြေခံလုပ်ဆောင်ရမယ့်အချက်ဖြစ်လို့ပဲ ဖြစ်ပါတယ်။ NCA စာချုပ်ဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက ရေးဆွဲတာမဟုတ်ဘဲ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုတွေဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေရဲ့ ကနဦးအဆိုပြုချက်တွေအပေါ်မှာအခြေခံပြီး အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး ဆွေးနွေးညှိနှိုင်း သဘောတူရေးဆွဲထားတဲ့စာချုပ်ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာရှိ နိုင်ငံအချို့နဲ့ အဖွဲ့အစည်းအသီးသီးတို့က အသိအမှတ်ပြုပါဝင်လက်မှတ်ရေးထိုးထားတဲ့ စာချုပ်ဖြစ်ပါတယ်။ ဒီလိုခိုင်မာအတည်ပြုပြီးသား လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်မှသာ ကျွန်တော်တို့အားလုံး မျှော်မှန်းထားတဲ့ အေးချမ်းသာယာတဲ့ နိုင်ငံတော်ကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးကိစ္စရပ်တွေဟာ ပြည်ပစွက်ဖက်မှု ကင်းစင်စွာဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ အောင်မြင်မှုရရှိမှာပဲ ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပက မြန်မာ့ငြိမ်းချမ်းရေးအကျိုးကို မလိုလားသူတွေရှိနေသရွေ့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ ထင်သလောက်ခရီးပေါက်မှာ မဟုတ်ကြောင်းနဲ့ ငြိမ်းချမ်းရေးကို ပျက်စီးရာ ပျက်စီးကြောင်း ဝေဖန်အပုတ်ချနေမှုတွေအပေါ်မှာ နားယောင်ဖို့မလိုကြောင်း ကျွန်တော်တို့ ညီအစ်ကိုတွေ သတိပြုမိဖို့ လိုအပ်မှာဖြစ်ပါတယ်။

       တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-

      ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ လက်တွေ့ကျတဲ့၊ ဖြစ်နိုင်တဲ့ လုပ်ဆောင်ချက်တွေကို ဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။ တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ကစပြီး ယခုနှစ် နှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ပေါင်း ၂၁ ကြိမ်ထုတ်ပြန်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခဲ့ပါတယ်။ ယနေ့တပ်မတော်က နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေရချိန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လက်တွေ့ကျကျ တိုးတက်လာနိုင်စေရေး နိုင်ငံတော်နဲ့ တပ်မတော်အကြီးအကဲဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ အခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ ၂ ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးကြရာမှာ ပြည်သူလူထုရဲ့ လိုလားချက်ဖြစ်ပြီး ကျွန်တော်တို့အစိုးရရဲ့ မူဝါဒနှစ်ရပ်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်ရေးကို အားလုံးက လက်ခံသဘောတူကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ သူတို့ရဲ့လိုအင်ဆန္ဒတွေ၊ ဖြစ်ချင်တာတွေ၊ မျှော်မှန်းချက်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိစေဖို့ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေ၊ ဆက်လက်ဆောင်ရွက်သွားရမယ့်ကိစ္စရပ်တွေကို ပြန်လည်ဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံမှုတိုင်းမှာ ပြည်သူလူထုနဲ့ နိုင်ငံတော်အတွက် ကောင်းမွန်တဲ့ရလဒ်တွေရရှိခဲ့တယ်လို့ အသိပေးပြောကြားလိုပါတယ်။

     တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-

     ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်ရာမှာ ရပ်တည်သွားရမယ့် အခြေခံအချက် ၂ ခု ရှိပါမယ်။ ဒါတွေကတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားပါမယ်။ နောက်တစ်ခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားပါမယ်။ NCA အပေါ်မှာ ဘာကြောင့်ရပ်တည်သင့်တယ်ဆိုတာကို ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်။ အလားတူဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ဟာလည်း တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့ သဘောဆန္ဒအရ ရေးဆွဲထားတာမဟုတ်ပါဘူး။ နိုင်ငံရေးပါတီများအစုအဖွဲ့၊ ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသည့် ကိုယ်စားလှယ်များအစုအဖွဲ့၊ တိုင်းရင်းသားလူမျိုးများအစုအဖွဲ့၊ တောင်သူလယ်သမားအစုအဖွဲ့၊ အလုပ်သမား အစုအဖွဲ့၊ အသိပညာရှင်/အတတ်ပညာရှင်များအစုအဖွဲ့၊ နိုင်ငံ့ဝန်ထမ်းများအစုအဖွဲ့၊ အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များအစုအဖွဲ့စတဲ့ အစုအဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရေးဆွဲခဲ့တာဖြစ်ပါတယ်။ အခြေခံဥပဒေမူကြမ်းရေးဆွဲရာမှာ ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလကနေ ၁၉၉၆ ခုနှစ်အထိ ၂ နှစ် ကျော်ကြာကျင်းပခဲ့တဲ့ အမျိုးသားညီလာခံမှာ ခုနကပြောခဲ့တဲ့ အစုအဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ် ၇၀၂ ဦးက ဆွေးနွေးရေးဆွဲခဲ့တာဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်၊ မေလကနေ ၂၀၀၇ ခုနှစ်၊ ဧပြီလအထိ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်အမျိုးသားညီလာခံမှာ ကိုယ်စားလှယ်အရေအတွက်ကို ၁,၀၈၆ ဦးအထိ တိုးချဲ့ပြီးဆောင်ရွက်ခဲ့ပါတယ်။ အမျိုးသားညီလာခံကို တက်ရောက်ရမယ့် ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ရာမှာလည်း နိုင်ငံရေးပါတီများအစုအဖွဲ့နဲ့ ရွေးချယ်ခံကိုယ်စားလှယ်များ အစုအဖွဲ့မှအပ ကျန်အစုအဖွဲ့များရဲ့ ကိုယ်စားလှယ်တွေကို ကိုယ်စားလှယ်ရွေးချယ်ရေး အဖွဲ့များဖွဲ့စည်းခြင်း၊ ၎င်းအဖွဲ့များက မဲဆန္ဒပြုရွေးချယ်ခြင်း၊ အရည်အချင်းသတ်မှတ်ချက်များ သတ်မှတ်ခြင်းစတဲ့ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါတယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အသက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အနှစ်သာရဖြစ်တဲ့ အခြေခံမူ ၁၀၄ ချက်ကို ချမှတ်ရာမှာလည်း အမျိုးသားညီလာခံမှာ အစုအဖွဲ့အသီးသီးက တင်သွင်းခဲ့တဲ့ စာတမ်း ၂၂ စောင်၊ စာမျက်နှာ ၉၀၀ ကျော် အပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်၊ အခြေအတင်ဆွေးနွေးပြီး သဘောတူညီချက်များ ရယူချမှတ်ခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒီအထဲမှာ အခြားဖိတ်ကြားသူများ အစုအဖွဲ့ထဲမှာပါဝင်တဲ့ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ခေါင်းဆောင်တွေ၊ NLD အပါအဝင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီတွေက ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်များပါ ပါဝင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းရှိပြီးဖြစ်တယ်။ အခြေခံဥပဒေမူကြမ်းကို အတည်ပြုရာမှာလည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွေကို ၂၀၀၈ ခုနှစ်၊ မေလအတွင်းမှာ ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းလုံးမှ ဆန္ဒမဲပေးခွင့်ရှိသူ ၉၈ ဒသမ ၁၂ ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ပြီး ဆန္ဒမဲပေးသူတွေအနက် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံမဲပေးပြီး ဒီမိုကရေစီနည်းလမ်းကျ အတည်ပြုခဲ့တာဖြစ်ပါတယ်။ အမျိုးသားညီလာခံကို တက်ရောက်ခဲ့သူတွေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို မဲပေးခဲ့သူများဟာ ခုထိရှိနေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အစိုးရအနေနဲ့ အခုတိုင်းပြည်တာဝန်များကို ထမ်းဆောင်နေရချိန်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တာဝန်ထမ်းဆောင်နေခြင်းသာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ရပ်တည်နေခြင်းတို့ဟာ ဒီမိုကရေစီနည်းလမ်းကျ ပေါ်ထွက်လာတဲ့ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်နေတာ၊ တစ်နည်းအားဖြင့် ပြည်သူလူထု လိုလားတောင့်တတဲ့ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်း စောင့်ရှောက်နေတာပဲ ဖြစ်တယ်လို့ ခိုင်ခိုင်မာမာ ပြောလိုပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေနဲ့လည်း အစိုးရနဲ့လက်တွဲပြီး ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ကြဖို့၊ ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။

       တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-

       ကျွန်တော့်အနေဖြင့် နိုင်ငံတော်ရဲ့ ပကတိလိုအပ်ချက်ဖြစ်တဲ့ အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်၊ နိုင်ငံရေးလုပ်ငန်းစဉ်(၂)ရပ်၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ဦးတည်ချက်(၉)ရပ်ကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။

       ဒီအထဲမှာ တိုင်းရင်းသားညီအစ်ကိုတွေအတွက် အလေးပေးထားတာတွေ များစွာ ပါရှိပါတယ်။  ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် အမှတ်စဉ်(၄)မှာလည်း “တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း အလေးအနက်ထား လုပ်ဆောင်သွားမည်” ဆိုတဲ့အချက်ကို အတိအလင်း ထည့်သွင်းထားပါတယ်။ နိုင်ငံရေးဦးတည်ချက်မှာလည်း ထည့်သွင်းထားပါတယ်။ ဒီလုပ်ဆောင်ချက်တွေကတစ်ဆင့် အမျိုးသားရေးလုပ်ငန်းစဉ်တွေ၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ပုံဖော်နိုင်မှာဖြစ်ပါတယ်။ ဒီလိုပုံဖော်နိုင်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရှိကိုရှိရမှာဖြစ်ပါတယ်။

     ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ညှိနှိုင်းရေးကော်မတီဆိုပြီး ကော်မတီ ၃ ရပ်ဖွဲ့စည်းပြီး ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ညှိနှိုင်းရေးကော်မတီအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေနဲ့ (၈၈) ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးရာမှာလည်း သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ၊ သဘောထားတွေ၊ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာတွေကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။

       တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-

     ကျွန်တော်တို့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်မှာပါဝင်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်ကို တည်ဆောက်ရာမှာ နိုင်ငံရဲ့အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တာကို သတိရဖို့လိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြည်ထောင်စုနိုင်ငံထူထောင်ကြဖို့နဲ့ ပတ်သက်ပြီး ဗမာပြည်သစ်ကို တည်ထောင်တော့ ပြည်ထောင်စုသဘောတည်ထောင်မလား၊ လူမျိုးကြီးတစ်မျိုးတည်းပဲဆိုတဲ့ တိုင်းပြည်မျိုး (Unitary State)တည်ထောင်မလားဆိုတော့ ပြည်ထောင်စု(Union) သဘောမျိုးပဲ ဖြစ်ရမယ်။ ဒါမှ လူမျိုးအားလုံး တိုင်းသူပြည်သားအများဆုံးတိုးတက်မှုကို လုပ်နိုင်မှာပဲလို့ ပြောကြားခဲ့တာရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြည်ထောင်စု(Union)ဆိုတဲ့စကားကို သတိပြုမိဖို့ လိုအပ်မှာဖြစ်ပါတယ်။

      ကျွန်တော်တို့နိုင်ငံမှာ အဓိကတိုင်းရင်းသားလူမျိုးကြီး ၈ မျိုး၊ လူမျိုးစု ၁၃၀ ကျော်ရှိ ပါတယ်။ တိုင်းရင်းသားလူမျိုးတိုင်းဟာ တူညီတဲ့အခွင့်အရေးများ ရဖို့လိုပါတယ်။ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း တိုင်းရင်းသားများအရေးနဲ့ပတ်သက်ပြီး ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခွင့်အရေးတွေ၊ ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်တွေရရှိအောင် ဆက်လက်ဆောင်ရွက်သွားပါမယ်။

      တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-

     ဖက်ဒရယ်ဆိုတာဟာ မတူကွဲပြားနေတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ လူမျိုးတွေ၊ လူမျိုးစုတွေကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့ အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ပါတယ်။ တိုင်းရင်း သားပါတီများအပါအဝင် နိုင်ငံရေးပါတီများဟာ ၎င်းတို့ကိုထောက်ခံတဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့သူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေရှိပြီး ပါတီတွေ၊ တိုင်းရင်းသားလူမျိုးစုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ဖို့အတွက် အချိုးကျ ကိုယ်စားပြုစနစ်(PR)ကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်နေပါတယ်။

    ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း ကျွန်တော့်အနေနဲ့ EAO ခေါင်းဆောင်များကို ဆွေးနွေးရှင်းပြပြီးဖြစ်ပါတယ်။ အခုတိုင်းရင်းသားများရဲ့ဆန္ဒနဲ့ လိုလားချက်တွေကို ဒီမိုကရေစီနည်းလမ်းကျ ဆောင်ရွက်ပေးနိုင်ဖို့က နိုင်ငံရေးစင်မြင့်ဖြစ်တဲ့ လွှတ်တော်ထဲကို တိုင်းရင်းသားကိုယ်စားလှယ်များ စုံစုံညီညီရောက်ရှိလာဖို့လိုအပ်ပါတယ်။ ဒါမှလည်း လူမျိုးစုအလိုက် လိုလားချက်တွေ၊ ရည်မှန်းချက်တွေကို ပွင့်လင်းမြင်သာစွာ ဆွေးနွေး၊ စုပေါင်းဆုံးဖြတ်၊ စုပေါင်းအကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းရင်း သားများရဲ့ တောင်းဆိုချက်၊ လိုလားချက်တွေထဲက ဖြစ်နိုင်တာ၊ ဖြစ်သင့်တာတွေကို အကောင်အထည်ဖော်နိုင်ဖို့ အချို့သောဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ပြင်သင့်တာပြင်ရပါလိမ့်မယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဆိုပြီးရှိတယ်။ တိုင်းရင်းသားတွေကို ကိုယ်စားပြုမှုအများဆုံးဖြစ်တဲ့ အမျိုးသားလွှတ်တော်ကအဆိုပြုလိုက်တဲ့ အဆိုပြုချက်တွေ၊ ဥပဒေမူကြမ်းတွေဟာ ပြည်သူ့လွှတ်တော်နဲ့ သဘောထားကွဲလွဲမှုရှိလို့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရင် လူများစုဖြစ်တဲ့ ပြည်သူ့လွှတ်တော်ဘက်ကပဲ လွှမ်းမိုးသွားတာများပါတယ်။ ကျွန်တော်တို့ဟာ ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်ကို တည်ဆောက်မယ်ဆိုရင် ဒီလိုကိစ္စမျိုးမှာ တိုင်းရင်းသားတွေအရေးကို ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။

    ဒါ့ကြောင့် ဥပဒေပြုရေးမဏ္ဍိုင်အတွင်းမှာကိုပဲ ထိန်းညှိမျှတမှု(Check and Balance) ရှိစေရေးနဲ့ တိုင်းရင်းသားလူမျိုးများအခွင့်အရေးကို အလေးထားသောအားဖြင့် သီးခြားဥပဒေပြုခွင့်တွေကို လွှတ်တော်အလိုက်ပေးထားပြီး လုပ်ဆောင်နိုင်ရင် ပိုမိုကောင်းမွန်မယ်လို့ ကျွန်တော်ယူဆပါတယ်။ ပြည်သူ့လွှတ်တော်ကတော့ ဘာဥပဒေတွေကို ပြဋ္ဌာန်းနိုင်တယ်။ အမျိုးသားလွှတ်တော်ကတော့ မည်သည့်ဥပဒေတွေကို ပြဋ္ဌာန်းနိုင်တယ်။ ပြည်ထောင်စုလွှတ်တော်ကတော့ ဘာဥပဒေတွေကို ပြဋ္ဌာန်းနိုင်တယ်စသဖြင့် ပြဋ္ဌာန်းပေးရပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ဒါတွေကိုဆောင်ရွက်နိုင်ဖို့ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရပါလိမ့်မယ်။ ဒါမှသာ တိုင်းရင်းသားအားလုံး ဒီမိုကရေစီရဲ့အနှစ်သာရ၊ ပြည်ထောင်စုစနစ်ရဲ့ ကောင်းမွန်အဓိပ္ပာယ်ပြည့်ဝမှုတွေကို ခံစားနိုင်မှာဖြစ်ပါတယ်။

     တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-

    ကျွန်တော်တို့အားလုံး ဖြတ်သန်းလာခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခဲ့တဲ့ (၇)နှစ်ပြည့်ကာလမှာ ကျွန်တော့်အနေနဲ့-

  • ဖြတ်သန်းလာခဲ့ရတဲ့ ကာလတစ်လျှောက် အတွေ့အကြုံတွေအရ တည်ငြိမ်အေးချမ်းမှုရှိခြင်းနဲ့ တည်ငြိမ်အေးချမ်းမှုမရှိခြင်းတို့ရဲ့ အကျိုးအပြစ်တွေကို သုံးသပ်ဆင်ခြင်ပြီး NCA စာချုပ်ရဲ့ တန်ဖိုးအနှစ်သာရ ပိုမိုပီပြင်လာအောင် ဝိုင်းဝန်းဆောင်ရွက်ကြပါ။
  • ဒို့တာဝန်အရေးသုံးပါးမူဝါဒကို လေးစားတန်ဖိုးထားပြီး ပေါင်းစည်းညီညွတ်သော ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုဖော်ဆောင် အောင်မြင်နိုင်ဖို့ NCA စာချုပ်ပါ ကတိကဝတ်တွေကို လေးလေးစားစား လိုက်နာကြပါ။
  • အမျိုးသားနိုင်ငံရေးအတွေးအမြင်ကြွယ်ဝသော၊ နိုင်ငံသားသစ္စာတရားပြည့်ဝသော နိုင်ငံကြီးသားစိတ်ထားရှိသူတွေ ဖြစ်လာစေရန် မိမိတို့ကိုယ်တိုင်နှင့် မိမိတို့ပတ်ဝန်းကျင်ကို ပြုစုပျိုးထောင်သွားကြပါ။
  • NCA မှာ လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် အဖွဲ့အစည်းတွေ ပါဝင်လာစေဖို့အတွက် နှိုးဆော်တိုက်တွန်းမှုတွေ၊ စည်းရုံးသိမ်းသွင်းမှုတွေကို တတ်စွမ်းနိုင်သမျှ ပံ့ပိုးလုပ်ဆောင်ခြင်းဖြင့် သမိုင်းမှတ်တမ်းကောင်းတစ်ခု စိုက်ထူသွားကြပါစို့လို့ နှိုးဆော်တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၁၀-၂၀၂၂)

  • NCA စာချုပ်သည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက ရေးဆွဲထားခြင်းမဟုတ်ဘဲ တိုင်းရင်းသားညီအစ်ကိုတွေဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကနဦးအဆိုပြုချက်တွေအပေါ်မှာအခြေခံပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ဆွေးနွေးညှိနှိုင်းသဘောတူရေးဆွဲထားသော စာချုပ်ဖြစ်သည့်အပြင် နိုင်ငံတကာရှိ နိုင်ငံအချို့နှင့် အဖွဲ့အစည်းအသီးသီးတို့က အသိအမှတ်ပြု ပါဝင်လက်မှတ်ရေး ထိုးထားသော စာချုပ်လည်းဖြစ်။
  • ပြည်တွင်း၊ ပြည်ပက မြန်မာ့ငြိမ်းချမ်းရေးအကျိုးကို မလိုလားသူများရှိနေသရွေ့ မိမိတို့၏ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ ထင်သလောက်ခရီးပေါက်မည်မဟုတ်ဘဲ ငြိမ်းချမ်းရေးကို ပျက်စီးရာ ပျက်စီးကြောင်း ဝေဖန်အပုတ်ချနေမှု များအပေါ်တွင် နားမယောင်မိစေရေး သတိပြုရန်လို။
  • မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကိစ္စရပ်များသည် ပြည်ပစွက်ဖက်မှု ကင်းစင်စွာဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်။
  • တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ကစပြီး ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ပေါင်း ၂၁ ကြိမ်ထုတ်ပြန်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခဲ့။
  • ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)သည်လည်း တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၏ သဘောဆန္ဒအရ ရေးဆွဲထားခြင်းမဟုတ်ဘဲ နိုင်ငံရေးပါတီများအစုအဖွဲ့၊ ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသည့် ကိုယ်စားလှယ်များအစုအဖွဲ့၊ တိုင်းရင်းသား လူမျိုးများအစုအဖွဲ့၊ တောင်သူလယ်သမားအစုအဖွဲ့၊ အလုပ်သမားအစုအဖွဲ့၊ အသိပညာရှင်/ အတတ်ပညာရှင်များအစုအဖွဲ့၊ နိုင်ငံ့ဝန်ထမ်းများအစုအဖွဲ့၊ အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များအစုအဖွဲ့စသည့် အစုအဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ် ၇၀၂ ဦးက ဆွေးနွေးရေးဆွဲခဲ့ခြင်းဖြစ်။
  • မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ရပ်တည်နေခြင်းတို့သည် ဒီမိုကရေစီနည်းလမ်းကျ ပေါ်ထွက်လာသည့် အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်နေခြင်း၊ တစ်နည်းအားဖြင့် ပြည်သူလူထုလိုလားတောင့်သော ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းစောင့်ရှောက်နေခြင်းဖြစ်သည်ဟု ခိုင်ခိုင်မာမာပြောလို။
  • တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေဖြင့်လည်း အစိုးရနှင့်လက်တွဲပြီး ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ကြရန် ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းကြရန် တိုက်တွန်းပြောကြားလို။
  • နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သည့် အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်၊ နိုင်ငံရေးလုပ်ငန်းစဉ်(၂)ရပ်၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်ကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ။
  • ညှိနှိုင်းရေးကော်မတီအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် (၈၈) ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး၏ နိုင်ငံရေးရည်မှန်းချက်များ၊ သဘောထားများကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့။
  • ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားနေသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးစုများ စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးသော အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းပင်ဖြစ်။
  • တိုင်းရင်းသားပါတီများအပါအဝင် နိုင်ငံရေးပါတီများသည် ၎င်းတို့ကိုထောက်ခံသည့် ပြည်သူလူထုကို ကိုယ်စားပြုသောသူများဖြစ်သောကြောင့် မတူကွဲပြားသည့် ကိုယ်စားပြုမှုများရှိသဖြင့် ပါတီများ၊ တိုင်းရင်းသားလူမျိုးစုများကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ရန်အတွက် အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်လျက်ရှိ။
  • တိုင်းရင်းသားများ၏ ဆန္ဒနှင့်လိုလားချက်များကို ဒီမိုကရေစီနည်းလမ်းကျ ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံရေးစင်မြင့်ဖြစ်သည့် လွှတ်တော်ထဲသို့ တိုင်းရင်းသားကိုယ်စားလှယ်များ စုံစုံညီညီရောက်ရှိလာရန်လိုအပ်မည်ဖြစ်ပြီး ထိုမှသာ လူမျိုးစုအလိုက် လိုလားချက်၊ ရည်မှန်းချက်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေး၍ စုပေါင်းဆုံးဖြတ်၊ အကောင်အထည်ဖော်နိုင်မည်ဖြစ်။
  • မိမိတို့အနေဖြင့် တိုင်းရင်းသားများ၏ တောင်းဆိုချက်၊ လိုလားချက်များထဲက ဖြစ်နိုင်သည်နှင့်ဖြစ်သင့်သည်များကို အကောင်အထည်ဖော်နိုင်ရန် အချို့သော ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို ပြင်သင့်သည်များပြင်ရလိမ့်မည်ဖြစ်။
  • မိမိယူဆချက်သည် ဥပဒေပြုရေးမဏ္ဍိုင်အတွင်းမှာကိုပင် ထိန်းညှိမျှတမှု (Check and Balance) ရှိစေရေးနှင့် တိုင်းရင်းသားလူမျိုးများအခွင့်အရေးကို အလေးထားသောအားဖြင့် သီးခြားဥပဒေပြုခွင့်တွေကို လွှတ်တော်အလိုက်ပေးထားပြီး လုပ်ဆောင်နိုင်ပါက ပိုမိုကောင်းမွန်မည်ဖြစ်။
  • မိမိအနေဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တွင် ပြဋ္ဌာန်းနိုင်သည့်ဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းပေးမည်ဖြစ်၍ အဆိုပါအချက်များကို ဆောင်ရွက်နိုင်ရန် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရလိမ့်မည် ဖြစ်ပြီး ထိုမှသာ တိုင်းရင်းသားအားလုံး ဒီမိုကရေစီ၏အနှစ်သာရ၊ ပြည်ထောင်စုစနစ်၏ ကောင်းမွန်အဓိပ္ပာယ်ပြည့်ဝမှုများကို ခံစားနိုင်မည်ဖြစ်။

Add new comment