နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်

       နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် မွန်ပြည်သစ်ပါတီ(NMSP)မှ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ လက်ခံတွေ့ဆုံ၍ ငြိမ်းချမ်း ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။

       အဆိုပါ တွေ့ဆုံဆွေးနွေးပွဲများ၌ တက်ရောက်လာကြသူများက ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး-

  • အောက်တိုဘာလ ၁၂ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ဇယား ၁ ပြည်ထောင်စုဥပဒေပြုစာရင်းနှင့် ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းတို့နှင့်ပတ်သက်၍ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်က (၉) ကြိမ်မြောက် JICM ဆုံးဖြတ်ချက်ပါ ဆက်လက်ညှိနှိုင်းဆွေးနွေးရမည့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အကောင်အထည်ဖော်မှုများ(ဇယား ၂)အား ရှင်းလင်းဆွေးနွေးခဲ့။
  • အောက်တိုဘာလ ၁၃ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၁/၂/၃)ပါသဘောတူညီချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် ကိုက်ညီမှုရှိ/မရှိ လေ့လာစိစစ် ချက်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့။
  • အောက်တိုဘာလ ၁၄ ရက်တွင် ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများကို ထပ်မံဆွေးနွေးခဲ့ကြပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့။

    တွေ့ဆုံဆွေးနွေးပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် တာဝန်ရှိသူများ၊ မွန်ပြည်သစ်ပါတီ (NMSP) မှ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်နှင့် ဗဟိုကော်မတီဝင် နိုင်အမ်စိုက်ချမ်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၁၀-၂၀၂၂)

  • နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် NMSP မှ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ၍ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့။

Add new comment