(၁၀၂) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့အထိမ်းအမှတ် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုပေးပွဲ၊ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဖွင့်ပွဲနှင့် (၄၅)ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားများကို အောက်တိုဘာလ ၁၃ ရက်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပခဲ့ပြီး အခမ်းအနားများသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများနှင့် အနုပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။
ရုပ်ရှင်တစ်သက်တာထူးချွန်ဆုပေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက-
- မြန်မာ့ရုပ်ရှင်နေ့အား “မေတ္တာနှင့်သူရာ” ရုပ်ရှင်ဇာတ်ကားရုံတင်ပြသခဲ့သည့် ၁၉၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၃ ရက်ကို ဂုဏ်ပြုသတ်မှတ်ခဲ့သည့်အတွက် နှစ်ပေါင်း (၁၀၂) နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း။
- မြန်မာ့ရုပ်ရှင်လောကနှင့် ရုပ်ရှင်လောကသားများအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော ရုပ်ရှင်အနုပညာရှင်ကြီးနှစ်ဦးကို နိုင်ငံတော်က ရုပ်ရှင်တစ်သက်တာထူးချွန်ဆု ချီးမြှင့်ပေးမည်ဖြစ်ကြောင်း။
- ယခုရုပ်ရှင်တစ်သက်တာထူးချွန်ဆုကိုချီးမြှင့်ခံရမည့် ပုဂ္ဂိုလ်များသည် အသက် ၈၀ နှင့်အထက်ရှိသူများဖြစ်ပြီး ရုပ်ရှင်လောကတွင် ကျင်လည်လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် သက်တမ်းနှစ် ၅၀ ရှိကြသူများဖြစ်ကြောင်း။
- ထို့ပြင် ရုပ်ရှင်လောကနှင့် အဆက်အသွယ်မပြတ်ဘဲ နိုင်ငံတော်အဆင့်ဂုဏ်ထူးဆု (သို့မဟုတ်) ရုပ်ရှင်ထူးချွန်ဆုရရှိသူ၊ အနုပညာကောင်းသတင်းဖြင့် ကျော်ကြားသူများဖြစ်ပြီး ရုပ်ရှင်လောကသားများ၏ဆန္ဒဖြင့် ရွေးချယ်ထားသူများ ဖြစ်ကြောင်း။
- ယခုနှစ်အတွက် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရရှိသည့် ပုဂ္ဂိုလ်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တစ်ဦးလျှင် ရွှေစင်ငါးကျပ်သားရှိ ရွှေစင်ကြယ်နှင့် အကယ်ဒမီရွှေစင်ရုပ်တုများကို ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း။
- ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကြီးကိုလည်း အနုပညာရှင်များ စုပေါင်းပါဝင်တင်ဆက်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရရှိသူ အကယ်ဒမီ ညွန့်ဝင်းအား ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရှင် စည်သူဒေါ်မြင့်မြင့်ခင်ကလည်းကောင်း၊ ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရရှိသူ အကယ်ဒမီ အောင်လွင်အား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကလည်းကောင်း ရွှေစင်ငါးကျပ်သားရှိ ရွှေစင်ကြယ်နှင့် အကယ်ဒမီရွှေစင်ရုပ်တုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဖြစ်ပေါ်လာပုံအကြောင်းနှင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့မှုအခြေအနေများ လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
ဆက်လက်၍ သက်ကြီးအနုပညာရှင်များအတွက် အလှူငွေပေးအပ်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၅၀၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းမိသားစုများက အလှူငွေကျပ်သိန်း ၃၀ ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက ကျပ်သိန်း ၁၅၀ နှင့် Forever Group Co.,Ltd က ငွေကျပ် ၇,၃၅၀, ၀၀၀ တို့ကို လှူဒါန်းရာ နာယကများနှင့် အမှုဆောင်များက လက်ခံရယူကြခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၁၀-၂၀၂၂)
- (၁၀၂) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့အထိမ်းအမှတ် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုပေးပွဲ၊ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဖွင့်ပွဲနှင့် (၄၅)ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားများကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများနှင့် အနုပညာရှင်များ တက်ရောက်ခဲ့။
Add new comment