နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

       ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်တွင် နေပြည်တော်ရှိ Max Hotel ၌ ကျင်းပခဲ့ရာ အခမ်းအနားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက-

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်လျှင် ကြိုတင်ပြင်ဆင်မှုနှင့် အရေးပေါ် တုံ့ပြန်မှုဆိုင်ရာအစီအမံများ စဉ်ဆက်မပြတ်ပြုလုပ်နေရန်၊ အမြဲတမ်း နိုးနိုးကြားကြားရှိနေရန်နှင့် အမြဲအသင့်ဖြစ်နေမှုဖြစ်နေရန် လိုအပ်ကြောင်း။

  • ကြိုတင်သတိပေးမှုစနစ်များ ခိုင်မာအားကောင်းရေးနှင့် ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်ဆောင်ရွက်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန် “Early Warning and Early Action for all” ကို ယခုနှစ်ဆောင်ပုဒ်အဖြစ် သတ်မှတ်ထားကြောင်း၊ “ကြိုတင်သတိပေးထုတ်ပြန်ချက် ဆောလျင်ဆောင်ရွက် အားလုံးအတွက်" ဟုဆိုနိုင်ကြောင်း။

  • ယခုနှစ် ဆောင်ပုဒ်ကိုကြည့်မည်ဆိုလျှင် ကြိုတင်သတိပေးစနစ်များ ခိုင်မာအားကောင်းအောင်ဆောင်ရွက်မှုနှင့်အတူ ကြိုတင်သတိပေးချက်များအပေါ်မူတည်၍ လိုအပ်သည့် စီမံခန့်ခွဲဆောင်ရွက်ချက်များကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ဆောင်ရွက် ရန်လိုအပ်ကြောင်း။

  • ကမ္ဘာတစ်ဝန်း ကြိုတင်သတိပေးစနစ်များ ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ဆန်ဒိုင်းမူဘောင် အကောင်အထည်ဖော်မှု စောင့်ကြည့်လေ့လာချက်အရ ၂၀၂၂ ခုနှစ်၊ ဧပြီလအထိ ကမ္ဘာ့နိုင်ငံ (၉၅) နိုင်ငံတွင် ဘေးမျိုးစုံအတွက် ကြိုတင်သတိပေးစနစ် Multi-Hazard Early Warning Systems (MHEWS) များကို ဆောင်ရွက်ထားပြီးဖြစ်သည်ကို သိရကြောင်း။

  • မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်ဖြစ်ပွားနိုင်ခြေနှင့် ထိခိုက်ဆုံးရှုံးနိုင်‌ခြေမြင့်မားသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးစနစ်များ အားကောင်းရန် အထူးလိုအပ်ကြောင်း၊ လူထုဗဟိုပြု ကြိုတင်သတိပေးစနစ်များ တည်ဆောက်ပြီး ခိုင်မာအားကောင်းအောင် ဆောင်ရွက်နိုင်မှသာ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှု လျော့နည်းမည်ဖြစ်ကြောင်း။

  • မိမိတို့နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များ ကြိုတင်ခန့်မှန်းခြင်းနှင့် အသိပညာပေးမှုများကို မိုဘိုင်းဖုန်းမှတစ်ဆင့် ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ လွယ်ကူလျင်မြန်စွာ ရောက်ရှိနိုင်ရန် Myanmar Disaster Alert (MDA) မိုဘိုင်း Application ကို ဆောင်ရွက်ပြီးစီးပြီဖြစ်၍ မကြာမီအချိန်အတွင်း သိသင့်သိထိုက်သည်များ သိရှိနိုင်တော့မည်ဖြစ်ကြောင်းကိုလည်း သတင်းကောင်းပါးအပ်ပါကြောင်း။

  • သဘာဝဘေးစီမံခန့်ခွဲမှုနယ်ပယ်အလိုက် စီမံခန့်ခွဲဆောင်ရွက်ကြရာတွင် အနာဂတ်ကာလတွင် ဖြစ်လာနိုင်မည့်ဘေးများကို တွက်ဆပြီး ကြိုတင်ပြင်ဆင်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်နေကြသည်ကိုတွေ့နိုင်ကြောင်း။

  • ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် (၁၈) လတာ ကာလအတွင်း မီးဘေး (၇၄၈) ကြိမ်၊ ရေဘေး (၁၆၁) ကြိမ်၊ လေဘေး (၁,၅၀၂) ကြိမ်၊ မြေငလျင်အပါအဝင် အခြားဘေး (၁,၁၇၈) ကြိမ်၊ စုစုပေါင်းအကြိမ် (၃,၅၈၉) ကြိမ်ထိဖြစ်ပွားခဲ့ပြီး ဘေးသင့်လူဦးရေ (၁၅) သိန်းကျော်ကို နိုင်ငံတော်က ငွေကျပ်သန်းပေါင်း ၃,၆၄၇ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း။

  • သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရာတွင် ဘေးအန္တရာယ်ဆိုင်ရာကြိုတင်သတိ‌ပေးချက်များ ထုတ်ပြန်ခြင်း၊ ကြိုတင်သတိပေးချက်များအပေါ် အခြေခံ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်ခြင်းနှင့် ရွှေ့ပြောင်းခြင်း၊ ပြည်သူ လူထုပါဝင် သည့် ပြည်သူဗဟိုပြုသဘာဝဘေးကြိုတင်သတိပေးသည့်စနစ်ကို တည်ဆောက်နိုင်ရေး၊ သတိပေးချက်များနှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းများကို အတိအကျလိုက်နာကြရေးသည် အရေးကြီးကြောင်း။

  • မိမိနိုင်ငံ၏ ရေမြေသဘာဝ၊ အရင်းအမြစ်၊ အတွေ့အကြုံတို့အပေါ်အခြေခံ၍ အာဆီယံနိုင်ငံများသာမက နိုင်ငံတကာနှင့်လည်း စဉ်ဆက်မပြတ်ချိတ်ဆက်ဆောင်ရွက်ရန်၊ အပြည်ပြည်ဆိုင်ရာမူဘောင်နှင့် သဘောတူညီချက်များကို လိုက်နာရန်၊ ခေတ်နှင့် အညီ တိုးတက်နေသည့် နည်းပညာများကိုလည်း မျက်ခြည်မပြတ် လေ့လာအသုံးပြု ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်မှသာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်မည်ဖြစ်ပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူမှုစီးပွားဘဝများကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာပြခန်းများနှင့် သဘာဝဘေးကူညီကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများကို ကြည့်ရှုခဲ့ပါသည်။

      အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ UN, INGO,NGOs နှင့် CSO များ၊ ကျောင်းသားကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၁၀-၂၀၂၂)

  • မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်ဖြစ်ပွားနိုင်ခြေနှင့် ထိခိုက်ဆုံးရှုံးနိုင်‌ခြေမြင့်မားသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးစနစ်များ အားကောင်းရန် အထူးလိုအပ်၊ လူထုဗဟိုပြု ကြိုတင်သတိပေးစနစ်များ တည်ဆောက်ပြီး ခိုင်မာအားကောင်းအောင် ဆောင်ရွက်နိုင်မှသာ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုလျော့နည်းမည်ဖြစ်။

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များ ကြိုတင်ခန့်မှန်းခြင်းနှင့် အသိပညာပေးမှုများကို မိုဘိုင်းဖုန်းမှတစ်ဆင့် ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ လွယ်ကူလျင်မြန်စွာ ရောက်ရှိနိုင်ရန် Myanmar Disaster Alert (MDA) မိုဘိုင်း Application ကို ဆောင်ရွက်ပြီးစီးပြီဖြစ်၍ မကြာမီအချိန်အတွင်း သိသင့်သိထိုက်သည်များ သိရှိနိုင်တော့မည်ဖြစ်။

  • ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် (၁၈) လတာ ကာလအတွင်း မီးဘေး (၇၄၈) ကြိမ်၊ ရေဘေး (၁၆၁) ကြိမ်၊ လေဘေး (,၅၀၂) ကြိမ်၊ မြေငလျင်အပါအဝင် အခြားဘေး (,၁၇၈) ကြိမ်၊ စုစုပေါင်းအကြိမ် (,၅၈၉) ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး ဘေးသင့်လူဦးရေ (၁၅) သိန်းကျော်ကို နိုင်ငံတော်က ငွေကျပ်သန်းပေါင်း ၃,၆၄၇ ကျော် ထောက်ပံ့ပေးခဲ့။

  • မိနိုင်ငံ၏ ရေမြေသဘာဝ၊ အရင်းအမြစ်၊ အတွေ့အကြုံတို့အပေါ်အခြေခံ၍ အာဆီယံနိုင်ငံများသာမက နိုင်ငံတကာနှင့်လည်း စဉ်ဆက်မပြတ်ချိတ်ဆက်ဆောင်ရွက်ရန်၊ အပြည်ပြည်ဆိုင်ရာမူဘောင်နှင့် သဘောတူညီချက်များကို လိုက်နာရန်၊ ခေတ်နှင့်အညီ တိုးတက်နေသည့် နည်းပညာများကိုလည်း မျက်ခြည်မပြတ်လေ့လာအသုံးပြု ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်မှသာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်မည်ဖြစ်ပြီး ဘေးဒဏ် ကြံ့ကြံ့ခံနိုင်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူမှုစီးပွားဘဝများကို ဖော်ဆောင်နိုင်မည်ဖြစ်။

 

Add new comment