မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၂)ကို အောက်တိုဘာလ ၁၂ ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ အစည်းအဝေး၌ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက-
-
မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတကာရှိ အထူးစီးပွားရေးဇုန်များသည် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ပို့ကုန်ပိုမိုတိုးမြှင့်တင်ပို့နိုင်ခြင်း၊ စီးပွားရေးကို ပိုမိုကျယ်ပြန့်လာအောင် ချိတ်ဆက်ပေးနိုင်ခြင်း၊ ကမ္ဘာ့တန်ဖိုးကွင်းဆက်ကို အထောက်အကူပြုစေခြင်းနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာကာ ထုတ်ကုန်အမျိုးအစားများစွာ ထုတ်လုပ်လာနိုင်ခြင်းစသည့်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းလာစေရန်အတွက် ရည်ရွယ်ပြီး ထူထောင်ကြပါကြောင်း။
-
မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်(၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး၊ သီလဝါအထူးစီးပွားရေးဇုန်ကို ဂျပန်နိုင်ငံနှင့်လည်းကောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တရုတ်နိုင်ငံနှင့်လည်းကောင်း၊ ထားဝယ် အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံနှင့်လည်းကောင်း ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း။
-
အထူးစီးပွားရေးဇုန်(၃)ခုရှိသည့်အနက် စံပြဇုန်အဖြစ်ရပ်တည်နေသည့် သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စနစ်တကျ ဆက်လက်ရင်းနှီးမြှုပ်နှံနိုင်ရန်၊ လုပ်ငန်းကုမ္ပဏီအသစ်များနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရန်နှင့် လက်ရှိရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းများချောမွေ့စွာ လည်ပတ်နိုင်ရန် သက်ဆိုင်သည့်ဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
-
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း၏ မူဘောင်သဘောတူညီချက်ရေးထိုးနိုင်ခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီတွင် Shareholder Agreement နှင့် နိုဝင်ဘာလတွင် Concession Agreement ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း။
-
ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် အရေးပါသကဲ့သို့ ဒေသခံများနှင့် နိုင်ငံတော်အတွက် အကျိုးများစွာဖြစ်ထွန်းနိုင်သည်ဖြစ်၍ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
-
ရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာ-တရုတ်စီးပွားရေးစင်္ကြံပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကိုပါ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ရာ နှစ်နိုင်ငံအကျိုးပြုမှုများရရှိပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကိုပါ ရရှိစေမည်ဖြစ်ကြောင်း။
-
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများကို ကျွမ်းကျင်သင်တန်းများပေးခြင်းနှင့်စပ်လျဉ်း၍ စီမံကိန်းအကောင်အထည်ဖော်သည့်အချိန်တွင် စက်ရုံများ၏ လိုအပ်ချက်နှင့်ကိုက်ညီသည့် သင်တန်းများဖြစ်ရန်လိုကြောင်း။
-
ထားဝယ်အထူးစီးပွားရေးဇုန်ကို ယခင်ကရင်းနှီးတည်ဆောက်သူအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခဲ့သည့် အီတာလျံ-ထိုင်းကုမ္ပဏီကို Termination ပြုလုပ်ထားပြီးဖြစ်သည့်အတွက် ရင်းနှီးတည်ဆောက်သူအသစ် ထပ်မံ ဖိတ်ခေါ်နိုင်ရေး နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
-
အထူးစီးပွားရေးဇုန်များ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာမှသာ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သကဲ့သို့ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက် ရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ဗဟိုအဖွဲ့ဝင်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၁၀-၂၀၂၂)
-
သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စနစ်တကျ ဆက်လက်ရင်းနှီးမြှုပ်နှံနိုင်ရန်၊ လုပ်ငန်းကုမ္ပဏီအသစ်များနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရန်နှင့် လက်ရှိရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းများ ချောမွေ့စွာ လည်ပတ်နိုင်ရန် သက်ဆိုင်သည့်ဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်။
-
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာ-တရုတ်စီးပွားရေးစင်္ကြံပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကိုပါ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ရာ နှစ်နိုင်ငံအကျိုးပြုမှုများရရှိပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကိုပါ ရရှိစေမည်ဖြစ်။
-
ထားဝယ်အထူးစီးပွားရေးဇုန်ကို ယခင်က ရင်းနှီးတည်ဆောက်သူအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခဲ့သည့် အီတာလျံ-ထိုင်းကုမ္ပဏီကို Termination ပြုလုပ်ထားပြီးဖြစ်သည့်အတွက် ရင်းနှီးတည်ဆောက်သူအသစ် ထပ်မံ ဖိတ်ခေါ်နိုင်ရေး နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်။
Add new comment