(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၁ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပရာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်းက တက်ရောက်အမှာစကားပြောကြားရာတွင်-
- မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ၂၀၁၆ ခုနှစ်တွင် (၂၂)ကြိမ်မြောက် ကျင်းပပြီးစီးစဉ်ကစ၍ ဆက်လက် ကျင်းပဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည်မှာ (၅)နှစ်မျှ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း။
- ယခု ၂၀၂၂ ခုနှစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ အားပေးချီးမြှောက်မှု၊ အစိုးရအဖွဲ့ဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ကြိုးပမ်းအားထုတ်မှုများနှင့်အတူ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို မြတ်နိုးကြသူများ၏ တောင့်တမျှော်လင့်ချက်တစ်ခုဖြစ်ခဲ့သည့် အဆို၊ အက၊ အရေး ၊ အတီး ပြိုင်ပွဲကြီးကို ရှေးယခင်အခါများနည်းတူ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ နိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးအဖြစ် ခမ်း နားသိုက်မြိုက်စွာ ပြန်လည်ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း။
- မြန်မာနိုင်ငံ၏ အသက်သွေးကြောသဖွယ်ဖြစ်သည့် ဧရာဝတီမြစ်ရိုးတစ်လျှောက် ပျူမြို့ပြနိုင်ငံများထွန်းကားခဲ့မှုသည် အစောဆုံးတွေ့ရသည့် အထောက်အထားများဖြစ်ကြောင်း။
- ပျူခေတ်ဦးကို ပညာရှင်များက ဘီစီ ၂ ရာစု ဟု သတ်မှတ်ခဲ့ကြကြောင်း၊ တကောင်း၊ ဟန်လင်း၊ မိုင်းမော၊ ဗိဿနိုးနှင့် သရေခေတ္တရာတို့သည် ထင်ရှားသည့် ပျူမြို့တော်ဟောင်းများ ဖြစ်ကြကြောင်း။
- ပျူတို့သည် ရေသွင်းစိုက်ပျိုးရေး၊ လက်မှုအတတ်ပညာမျိုးစုံ တတ်မြောက်ခဲ့ကြကြောင်း၊ ဒင်္ဂါးသွန်းလုပ်မှု၊ ကျောက်မျက်အဆင်တန်ဆာဖန်တီးမှု၊ ရွှေကိုနန်းခတ်သည့် အတတ်ပညာ၊ စဉ့်အိုး၊ မြေအိုးလုပ်ငန်းများအပြင် နန်းတော်များ၊ သာသနိက အဆောက်အုံများနှင့်နေအိမ်များကို စနစ်တကျတည်ဆောက်နိုင်ခဲ့ကြကြောင်း၊ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ယုံကြည်ခဲ့ကြပြီးဖြစ်ကြောင်း။
- ပျူခေတ်ကိုဆက်ခံသည့် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းနှင့် ကုန်းဘောင်အစရှိသည့် ခေတ်အဆက်ဆက်၌ ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုရေးရာ အနုသုခုမပညာရပ်များ အဆင့်ဆင့်ထွန်းကားခဲ့သည်မှာ ယနေ့မျက်မှောက်ကာလ အထိပင်ဖြစ်ကြောင်း။
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံအတူတကွ စုစည်းနေထိုင်ခဲ့ကြသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ စာပေနှင့် အနုသုခုမယဉ်ကျေးမှုပေါင်းများစွာသည်လည်း ပေါကြွယ်ဝ စွာ တည်ရှိနေဆဲဖြစ်ကြောင်း။
- ယခုနှစ်ကျင်းပမည့် (၂၃)ကြိမ်မြောက် ပြိုင်ပွဲကြီးတွင် မွန်တိုင်းရင်းသားတို့၏ ရိုးရာအကကို ပြိုင်ပွဲဝင်တိုင်းဒေသကြီးနှင့် ပြည်နယ်များက စုပေါင်းပါဝင် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း။
- နိုင်ငံ၏သမိုင်းနှင့်ယှဉ်၍ ပေါ်ပေါက်လာခဲ့သည့် ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာရပ်များကို ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် အထိ သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေ ခြင်းဖြစ်ကြောင်း။
- ကမ္ဘာ့နိုင်ငံများက နိုင်ငံတစ်နိုင်ငံ၏ တန်ဖိုးကိုသတ်မှတ်သည့်အခါ အဆိုပါ နိုင်ငံ၏ စီးပွားရေး၊ ပညာရေးနှင့် ကာကွယ်ရေးစွမ်းအားများအပြင် သမိုင်း တန်ဖိုးကြီးမားသည့် ယဉ်ကျေးမှုရေးရာ အခန်းကဏ္ဍကိုလည်း ထည့်သွင်း သတ်မှတ်လေ့ရှိကြကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ တို့၏ ရှည်လျားသည့်ယဉ်ကျေးမှုသမိုင်းကြောင်းများနှင့်ပြည့်စုံသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း။
- ယနေ့စတင်ကျင်းပမည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် မြန်မာတို့၏ ကိုယ်ပိုင်အဖိုးတန်ရတနာများဖြစ်သည့် သီချင်းကြီး၊ သီချင်းခံ၊ အဆို၊ အတီးပြိုင်ပွဲများ၊ ကိုယ်ပိုင်အနုပညာစစ်စစ်ဖြစ်သည့် မြန်မာ့ဆိုင်းဝိုင်းကြီးအပါအဝင် မြန်မာ့တူရိယာပစ္စည်း တီးခတ်မှုပြိုင်ပွဲများ၊ ကမ္ဘာသုံးတူရိယာများဖြစ်သည့် စန္ဒရား၊ ဒုံမင်း၊ မယ်ဒလင်၊ တယော၊ ဂီတာအစရှိသော တူရိယာများကို မြန်မာသံမြန်မာဟန်ဖြင့် ယှဉ်ပြိုင်တီးခတ်မည့်ပြိုင်ပွဲများ၊ ခေါင်း၊ ခါး၊ ခြေ၊ လက်အချိုးအဆစ်များနှင့်ငြိမ့်ညောင်းစွာ ကပြကြမည့် အကပြိုင်ပွဲများ၊ မြန်မာအကအခြေခံဖြစ်သည့် ကဗျာလွတ်အကပြိုင်ပွဲများ၊ နှုတ်မှုစွမ်းရည်ပြကွက်စိပ်ပြိုင်ပွဲများ၊ ကမ္ဘာကအလေးအနက်ထားရသည့် မြန်မာ့ရုပ်သေးကြိုးဆွဲပညာပြိုင်ပွဲများအပြင် အာရှတိုက်ဒေသတွင်းနိုင်ငံများက အမြတ်တနိုးတန်ဖိုးထားကြသည့် ရာမာယဏပြိုင်ပွဲကြီးကိုလည်း မူရင်း ရာမာယဏ ဇာတ် တော်ကြီး တီးလုံးတီးချက် အကအလှများနှင့်အတူ မြန်မာ့ဇာတ်သဘင် ဆို၊ ငို၊ ပြော ပညာရပ်များနှင့်ပေါင်းစပ်၍ ထူးကဲစွာယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း။
- ပြိုင်ပွဲကြီးသည် ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးဟုဆိုသော်လည်း ခေတ်အလျှောက်ပေါ်ထွန်းလာခဲ့သည့် ရသမြောက်ခေတ်ဟောင်းတေးနှင့် ကာလပေါ်တေးများအပြင် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းများ ကိုလည်း ခေတ်နှင့်ယဉ်ပါးသည့် ခေတ်လူငယ်များ သီဆိုယှဉ်ပြိုင်နိုင်ကြရန် ထည့်သွင်းစီစဉ်ထားပြီးဖြစ်ကြောင်း။
- ပညာရှင်ကြီးများ၊ မျိုးဆက်သစ်ပြိုင်ပွဲဝင်များအနေဖြင့်လည်း မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့အမျိုးသားယဉ်ကျေးမှု ဂုဏ်သိက္ခာနှင့်တန်ဖိုးကို အလေးထားမြတ်နိုးပြီး ကမ္ဘာတည်သရွေ့ အဓွန့်ရှည်အောင်လက်ဆင့်ကမ်း သယ်ဆောင်သွားကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုတို့က (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ပြိုင်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီးနောက် အနုပညာရှင်များက ဂီတစာဆို အလင်္ကာကျော်စွာ ဦးမောင်မောင်လတ် ရေးစပ်သီကုံးထားသော “ထိန်းသိမ်းစို့လေ ရိုးရာအမွေ” ဖွင့်ပွဲ ဂုဏ်ပြုတေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူပြုများ၊ ပြိုင်ပွဲဝင်တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်ပိုမိုထွန်းကားလာစေရန် ရိုးရာယဉ်ကျေးမှုအနုပညာများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပြုနိုင်ရေးစသည့် ဦးတည်ချက်(၄)ရပ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၁၀-၂၀၂၂)
- ပျူခေတ်ကိုဆက်ခံသည့် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းနှင့် ကုန်းဘောင်အစရှိသည့် ခေတ်အဆက်ဆက်၌ ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုရေးရာ အနုသုခုမပညာရပ်များ အဆင့်ဆင့်ထွန်းကားခဲ့သည်မှာ ယနေ့မျက်မှောက်ကာလ အထိပင်ဖြစ်ကြောင်း။
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံအတူတကွ စုစည်းနေထိုင်ခဲ့ကြသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ စာပေနှင့် အနုသုခုမယဉ်ကျေးမှုပေါင်းများစွာသည်လည်း ပေါကြွယ်ဝစွာတည်ရှိနေဆဲဖြစ်ကြောင်း။
- ယခုနှစ်ကျင်းပမည့် (၂၃)ကြိမ်မြောက်ပြိုင်ပွဲကြီးတွင် မွန်တိုင်းရင်းသားတို့၏ ရိုးရာအကကို ပြိုင်ပွဲဝင်တိုင်းဒေသကြီးနှင့်ပြည်နယ်များက စုပေါင်းပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း။
- နိုင်ငံ၏သမိုင်းနှင့်ယှဉ်၍ ပေါ်ပေါက်လာခဲ့သည့် ရိုးရာယဉ်ကျေးမှုအနုသုခုမပညာရပ်များကို ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်အထိ သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေခြင်းဖြစ်။
- ကမ္ဘာ့နိုင်ငံများက နိုင်ငံတစ်နိုင်ငံ၏ တန်ဖိုးကိုသတ်မှတ်သည့်အခါ အဆိုပါနိုင်ငံ ၏စီးပွားရေး၊ ပညာရေးနှင့် ကာကွယ်ရေးစွမ်းအားများအပြင် သမိုင်းတန်ဖိုးကြီးမားသည့် ယဉ်ကျေးမှုရေးရာ အခန်းကဏ္ဍကိုလည်း ထည့်သွင်းသတ်မှတ်လေ့ရှိကြကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ရှည်လျားသည့် ယဉ်ကျေးမှုသမိုင်းကြောင်းများနှင့်ပြည့်စုံသည့် နိုင်ငံတစ်နိုင်ငံဖြစ်။
Add new comment