အာဆီယံဒေသတွင်း သတင်းတု၊ သတင်းမှားတိုက်ဖျက်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

          အာဆီယံဒေသတွင်း သတင်းတု၊ သတင်းမှားတိုက်ဖျက်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ JW Marriott Hotel Hanoi ၌ အောက်တိုဘာလ ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် သတင်းမှားတိုက်ဖျက်မှုဆိုင်ရာ နိုင်ငံအလိုက်ဆောင်ရွက်ချက်များ၊ Terms of Reference (TOR) အရ ချမှတ်ထားသည့် ရည်မှန်းချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ သတင်းတု၊ သတင်းမှားတိုက်ဖျက်မှုဆိုင်ရာ ဒေသတွင်းကြိုးပမ်းဆောင်ရွက်ချက်များ၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများကို အဓိကထားဆွေးနွေးကြကာ ဩစတြေးလျနိုင်ငံအနေဖြင့်လည်း သတင်းမှားတိုက်ဖျက်ရေးတွင် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများကို အွန်လိုင်းမှတစ်ဆင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။

      မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် Fake News နှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းတု၊ သတင်းမှားများ တုံ့ပြန်ဖြေရှင်းရေးဆိုင်ရာ လက်ရှိဆောင်ရွက်နေမှုများ၊ သတင်းတု၊ သတင်းမှားများကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ဖော်ပြမှုများ၊ သတင်းအချက်အလက်မီဒီယာ သိနားလည်မှုသင်တန်း၊ cyber Wellness သင်တန်းများ အခါအားလျော်စွာ ပို့ချပေးနေမှုများနှင့် သတင်းတု၊ သတင်းမှားတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှ ပြဋ္ဌာန်းထားသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ဆက်သွယ်ရေး ဥပဒေ၊ သတင်းမီဒီယာဥပဒေစသည့် ဥပဒေများဖြင့် ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    အစည်းအဝေးသို့ လာအို၊ မလေးရှား၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့မှ TFFN လုပ်ငန်းအဖွဲ့ဝင်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ တာဝန်ရှိသူများက အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ကြကြောင်းနှင့် အာဆီယံဒေသတွင်း သတင်းမှားတိုက်ဖျက်မှုဆိုင်ရာလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ  ၁၂-၁၀-၂၀၂၂)

  • အာဆီယံဒေသတွင်း သတင်းတု၊ သတင်းမှားတိုက်ဖျက်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ အောက်တိုဘာ ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့။

  • ဩစတြေးလျနိုင်ငံအနေဖြင့်လည်း သတင်းမှားတိုက်ဖျက်ရေးတွင် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများအားလည်းကောင်း၊ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့်လည်း Fake News နှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းတု၊ သတင်းမှားများ တုံ့ပြန်ဖြေရှင်းရေးဆိုင်ရာ လက်ရှိဆောင်ရွက်နေမှုများ၊ သတင်းတု၊ သတင်းမှားများကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ဖော်ပြမှုများအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့။

 

 

 

 

 

 

Add new comment