ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့၊ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တာဝန်ရှိသူများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင်-
· အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် စွမ်းစွမ်းတမံဖြင့် ထူးကဲစွာဆောင်ရွက်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များနှင့်အညီ ကဏ္ဍ အသီးသီးတွင် ထူးခြားထက်မြက်စွာ အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ တိုင်းကျိုးပြည်ကျိုးများကို အများနှင့်မတူအောင် ထူးခြားစွာစွမ်းဆောင်နိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာ တီထွင်ဖန်တီးစွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သည့် ပုဂ္ဂိုလ်များ၊ တရားဥပဒေစိုးမိုးရေးအတွက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးပမ်းထမ်းဆောင်ကြသည့် ပုဂ္ဂိုလ်များအား လွတ်လပ်ရေးနေ့အခါသမယတွင် ဂုဏ်ထူးဆောင်ဘွဲ့များကို ဂုဏ်ပြုချီးမြှင့်အပ် နှင်းသွားမည်ဖြစ်ကြောင်း။
· တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်စေရန် တည်ဆောက်သည့်နေရာတွင် နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတာဝန်များကို နိုင်ငံတော်အစိုးရက ဦးစီးဦးဆောင်တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သော်လည်း တိုင်းရင်းသားပြည်သူအားလုံးက တက်ညီ လက်ညီပူးပေါင်းပါဝင်ရေးသည် အဓိကကျကြောင်း။
· နိုင်ငံတော်အတွက် မိမိအသက်ခန္ဓာကိုယ်ကို ပဓာနမထား ဘဲ ထူးထူးချွန်ချွန်ဆောင်ရွက်ခဲ့သည့် ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်သူများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန်အတွက် ထောက်ခံတင်ပြချက်များအရ ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ကြောင်း။
· ယနေ့အခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခြင်းမပြုနိုင်တော့သည့် ပုဂ္ဂိုလ်များ အနေဖြင့်လည်း သားစဉ်မြေးဆက်၊ ဆွေစဉ်မျိုးဆက် ဂုဏ်ယူစရာဖြစ်ကြောင်းနှင့် နိုင်ငံတော်နှင့် ပြည်သူများကိုယ်စား လေးစားဂုဏ်ယူပါကြောင်း။
· မိမိတို့၏ ဘဝတစ်သက်တာအတွင်း တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ယခုကဲ့သို့ မှတ်တမ်းတင် ဂုဏ်ပြုချီးမြှင့်ခြင်းခံရသကဲ့သို့ ဆက်လက်ပြီး နိုင်ငံတော်ကြီးရေရှည်တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေး၊ သာယာဝပြောရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ သားစဉ်မြေးဆက်များကိုပါ ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်စေရန် စံနမူနာကောင်းများပြကြပါရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်အတွက် ချီးမြှင့်အပ်နှင်းခဲ့သော ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များဖြစ်သည့် သရေစည်သူဘွဲ့ရရှိသူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စည်သူဘွဲ့ရရှိကြသူ ၁၀ ဦး၊ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သူရဘွဲ့ရရှိသူ ၁ ဦး၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ရရှိကြသူ ၁၇ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိကြသူ ၂ ဦး၊ စုစုပေါင်း ၃၁ ဦးတို့အား ဂုဏ်ထူးဆောင် ဘွဲ့နှင့် တံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်ကြသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါသည်။
- တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်စေရန် တည်ဆောက်သည့်နေရာတွင် နိုင်ငံတော်အစိုးရ နှင့် တိုင်းရင်းသားပြည်သူအားလုံးက တက်ညီလက်ညီ ပူးပေါင်းပါဝင်ရေးသည် အဓိကကျ။
- နိုင်ငံတော်အတွက် မိမိအသက်ခန္ဓာကိုယ်ကို ပဓာနမထားဘဲ ထူးထူးချွန်ချွန်ဆောင်ရွက်ခဲ့သည့် ဂုဏ်ပြုသင့်ဂုဏ်ပြု ထိုက်သူများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန်အတွက် ထောက်ခံတင်ပြ ချက်များအရ ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်။
- ယနေ့အခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခြင်းမပြုနိုင်တော့သည့် ပုဂ္ဂိုလ်များအနေဖြင့်လည်း သားစဉ်မြေးဆက်၊ ဆွေစဉ်မျိုးဆက် ဂုဏ်ယူစရာဖြစ်။
- ၂၀၂၂ ခုနှစ်တွင် သရေစည်သူဘွဲ့ရရှိသူ ၁ ဦး၊ စည်သူဘွဲ့ရရှိသူ ၁၀ ဦး၊ သူရဘွဲ့ရရှိသူ ၁ ဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ ၁၇ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ၂ ဦး၊ စုစုပေါင်း ၃၁ ဦးတို့ကို ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်များပေးအပ်ချီးမြှင့်ခဲ့။
Add new comment