ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

       တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို အောက်တိုဘာလ ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အင်းစိန်မြို့နယ်၊ လှည်းကူးမြို့နယ်၊ သန်လျင်မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ကော့မှူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်တို့မှ  ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၄ ဦးတို့အား   တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး ထောက်ပံ့ငွေများ အသီးသီးပေးအပ်ကာ  ၎င်းတို့၏ အုပ်ထိန်းသူမိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့ပါသည်။  

   လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက် ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု အသိပေးထုတ်ပြန်ထားရာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်မှ အောက်တိုဘာလ ၁၁ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၂၅၉ ဦးနှင့် အမျိုးသမီး ၆၅ ဦး စုစုပေါင်း ၃၂၄ ဦးရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၁၀-၂၀၂၂)

  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသူ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၄ ဦးတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများအသီးသီးပေးအပ်ကာ ၎င်းတို့၏ အုပ်ထိန်းသူမိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့။
  •  ၂၀၂၂ ခုနှစ်၊ ဇွန်လ ရက်မှ အောက်တိုဘာလ ၁၁ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၂၅၉ ဦးနှင့် အမျိုးသမီး ၆၅ ဦး စုစုပေါင်း ၃၂၄ ဦးရှိပြီဖြစ်။

Add new comment